နော့တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မတိုင်ခင် ဒဏ်ရာရသွားခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့အခြေအနေကို အန်းစလော့ ရှင်းပြ
ယမန်နေ့(တနင်္ဂနွေနေ့)၊ နော့တင်ဟမ်ဖောရက်စ်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့တဲ့ ကွင်းလယ်ဖန်တီးရှင်ဖလော်ရီယန်ဝစ်ဇ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ လီဗာပူးနည်းပြအန်းစလော့က သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ကစားသမားက စီးတီးဂရောင်းကွင်းပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် သွေးပူလေ့ကျင့်ခန်းဆင်းနေချိန် ဒဏ်ရာပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ဒါကြောင့် ဖလော်ရီယန်ဝစ်ဇ်ရဲ့နေရာမှာ ကာတစ်ဂျုံးစ် အစားထိုးဝင်လာပြီး လီဗာပူးအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန်နောက်ဆုံးမိနစ်မှာ မက်အယ်လစ္စတာက သွင်းယူပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဖလော်ရီယန်ဝစ်ဇ်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အန်းစလော့က "သိပ်မပြင်းထန်ဘူး" လို့ ပြောကြားခဲ့ပြီး လာမယ့်သီတင်းပတ်မှာ ပြန်ကစားနိုင်လိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။
အန်းစလော့က " ဖလော်ရီယန်ဝစ်ဇ်ရဲ့ဒဏ်ရာ သိပ်မပြင်းထန်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ပွဲထွက်ဖို့ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန် သူရဲ့ကျောပိုင်းမှာ ဆိုးဆိုးရွားရွားခံစားလာရပါတယ်။ သူရဲ့ကြံ့ခိုင်မှုပိုင်းလည်း ရာနှုန်းပြည့်မရှိသလို အဲ့ဒီသတ်မှတ်ချက်အနားတောင် မကပ်နိုင်ခဲ့ပါဘူး။ ဒီလိဂ်မှာ ခြောက်လ၊ ခုနစ်လ ဒါမှမဟုတ် ရှစ်လလောက် ကျင်လည်ပြီးချိန်၊ ဘောလုံးကျွမ်းကျင်မှုဘယ်လောက်ပဲရှိရှိ ဒီလိုယှဉ်ပြိုင်မှုမျိုးမှာပါဝင်ကစားဖို့ဆိုရင် ကြံ့ခိုင်မှုရာနှုန်းပြည့်ရှိနေဖို့ လိုအပ်တယ်ဆိုတာ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် နားလည်သွားပါပြီ။ ဒါကြောင့် သူ့ကိုမကစားခိုင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ။ လာမယ့်သီတင်းပတ်မှာ ကျွန်တော်တို့နဲ့အတူ သူပြန်ပါလာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်သွားရပါဦးမယ်" လို့ ပြောကြားခဲ့ပါတယ်။