The network connection is lost.

Banner Image

လီဝန်ဒေါစကီးရဲ့ ဘွန်ဒက်စ်လီဂါဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက သူဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ရောဘတ်လီဝန်ဒေါစကီးတင်ရှိထားခဲ့တဲ့ ဘွန်ဒက်စ်လီဂါဂိုးသွင်းစံချိန်ကို ဒီရာသီမှာချိုးဖျက်နိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

လီဝန်‌ဒေါစကီးဟာ ၂၀၂၀-၂၁ ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ တစ်ရာသီအတွင်း စုစုပေါင်း ၄၁ ဂိုးအထိသွင်းယူပြီး ၁၉၇၁-၇၂ ရာသီက ကစားသမားဟောင်း ဂတ်မူလာတင်ရှိထားခဲ့တဲ့ တစ်ရာသီ ဂိုး ၄၀ စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်သို့စတင်ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ ပွဲဦးထွက်ရာသီမှာ ဘွန်ဒက်စ်လီဂါ ၃၂ ပွဲကစားပြီး ၃၆ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ လီဝန်ဒေါစကီးရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖို့နီးစပ်ခဲ့ပေမယ့် ကံမကောင်းစွာပဲ လွဲချော်ခဲ့ရပါတယ်။ 

လက်ရှိရာသီမှာတော့ ဟယ်ရီကိန်းဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်အတွက် ၁၄ ပွဲကစားကာ ၁၈ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် လီဝန်ဒေါစကီးရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ဖို့ အလားအလာရှိလာခဲ့ပါတယ်။  ယခုအခါမှာ လီဝန်‌ဒေါစကီးရဲ့ဂိုးသွင်းစံချိန်ကိုကျော်ဖြတ်နိုင်ဖို့အတွက်အလိုအပ်ဆုံးအရာမှာ ခြေစွမ်းတည်ငြိမ်ဖို့ဖြစ်ကြောင်းကို ကိန်းက "ဒါက ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ဒီရာသီမှာ ကျွန်တော်စတင်ထားနိုင်တဲ့အခြေအနေအရဆို ဒါကဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သွားရမယ့်လမ်းက အဝေးကြီးကျန်ပါသေးတယ်။ နောက်လပ် ၄ လ ၅ လလောက်အထိ လက်ရှိခြေစွမ်းကို တည်တည်ငြိမ်ငြိမ်ဆက်ထိန်းထားနိုင်ဖို့ပဲလိုပါတယ်"

"ဘောလုံးလောကမှာ အခက်ခဲဆုံးအရာက ကောင်းမွန်တဲ့ခြေစွမ်းကို အချိန်အကြာကြီးထိန်းထားနိုင်ဖို့ပါပဲ။ လီဝန်ဒေါစကီးရဲ့စံချိန်က မယုံနိုင်စရာစံချိန်တစ်ခုဖြစ်ပြီး ဒါကိုချိုးဖျက်နိုင်ဖို့ တော်တော်ခက်ခဲမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီလိုရည်မှန်းချက်မျိုးထားရတာ ကျွန်တော့်အတွက် တွန်းအားဖြစ်စေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်အနေနဲ့ လီဝန်ဒေါစကီးရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့မယ်ဆိုပါက ဘွန်ဒက်စ်လီဂါမှာ သူ့ရဲ့သမိုင်းမှတ်တိုင်သစ်ကိုစိုက်ထူနိုင်မှာဖြစ်ပြီး လာမယ့်ဆယ်စုနှစ်တွေအထိ အဆိုပါစံချိန်က သမိုင်းတွင်ကျန်ရစ်သွားဖွယ်ရှိပါတယ်။