ဟယ်ရီကိန်းကိုခေါ်ယူဖို့ ကြိုးစားနေပါတယ်လို့ ဖွင့်ဟလာတဲ့ ဘာစီလိုနာဥက္ကဋ္ဌရွေးချယ်ပွဲဝင် ဗီလာဂျိုနာ
ဘာစီလိုနာအသင်းဥက္ကဋ္ဌရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဗီလာဂျိုနာက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းကို နူးကမ့်ကွင်းဆီ အရောက်ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ ကြေညာလိုက်ပါတယ်။
ရှေ့လမှာကျင်းပမယ့် ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဗီလာဂျိုနာက ဒီနေ့မှာပဲ သူ့ရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေကို တရားဝင်တင်ပြသွားပါတယ်။
ဗီလာဂျိုနာက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဘာစီလိုနာအသင်းဂျာစီဝတ်ဆင်ထားသလို ပြုပြင်ထားတဲ့ ဟယ်ရီကိန်းရဲ့ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး "ကျွန်တော်တို့ ဟယ်ရီကိန်းကို ခေါ်ယူသင့်သလား" လို့ ပရိသတ်တွေဆီ တိုက်ရိုက်မေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘာစီလိုနာအသင်းအမှုဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဗီလာဂျိုနာက ဟယ်ရီကိန်းကို ခေါ်ယူနိုင်မယ့် အလားအလာတွေအတွက် အမှန်တကယ်စတင်လုပ်ဆောင်နေပြီလို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒီနေ့မိတ်ဆက်ပွဲမတိုင်ခင် ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဗီလာဂျိုနာက "လာမာစီယာ လူငယ်အကယ်ဒမီက ကျွန်တော့်အတွက် အမြဲတမ်းပထမဦးစားပေးပါ။ ကျွန်တော်အမြဲပြောလေ့ရှိတဲ့ ပထမဆုံးလုပ်ရမယ့်အလုပ်က ကျွန်တော်တို့ရဲ့လူငယ်အကယ်ဒမီကို လိုအပ်တဲ့အထောက်အပံ့အကူအညီတွေပေးဖို့နဲ့ သူတို့ရဲ့အရည်အချင်းတွေပြသနိုင်ဖို့အတွက် ပထမဆုံးအခွင့်အရေးကို ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ၎င်းက "ကိုယ့်အသင်းထဲမှာ အရည်အချင်းရှိတဲ့ လူငယ်တွေ မရှိတော့တဲ့ အခြေအနေမျိုးကျမှသာ ဘာစီလိုနာအသင်းကိုယ်တိုင် ပြင်ပစျေးကွက်ရှိ ထိပ်တန်းကစားသမားတွေကို ရှာဖွေခေါ်ယူသင့်ပါတယ်။ ဟယ်ရီကိန်းလိုမျိုးပေါ့။ သူက အရည်အချင်းရှိသလို၊ အသင်းအတွက် ကစားပေးနိုင်ပြီး ဂိုးသွင်းလည်း အရမ်းကောင်းပါတယ်။ အခုတော့ သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နေပါပြီ" လို့ ဆိုပါတယ်။