လူငယ်ကစားသမားတွေနဲ့ ဟာရီကိန်းရဲ့ကမ္ဘာ့အဆင့်မီသွင်းဂိုးတို့ကို အမွှန်းတင်ချီးကျူးလိုက်တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီ
ချန်ပီယံလိဂ်မှာ အတ္တလန်တာကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက သူ့အသင်းရဲ့ကစားကွက်အရည်အသွေးနဲ့ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေမှုပေးနိုင်ခြင်းတို့အပေါ် ဂုဏ်ယူတယ်လို့ ပြောကြားခဲ့ပါတယ်။
"ကစားသမားတွေရဲ့ စွမ်းဆောင်ရည်၊ ဂိုးသွင်းနိုင်မှုနဲ့ အလျှော့မပေးဘဲ ကစားသွားတဲ့ စိတ်ဓာတ်တွေအတွက် ကျွန်တော် အမြဲတမ်းဂုဏ်ယူပါတယ်။ သူတို့တွေက ပရိသတ်တွေအတွက်လည်း အမြဲတမ်းထည့်သွင်းစဉ်းစားပေးကြသလို အကောင်းဆုံးဖျော်ဖြေမှုတွေကိုပဲ ပေးချင်ကြပါတယ်။ ဒါ ကလပ်အသင်းအတွက် ကောင်းမွန်တဲ့ နေ့ရက်တစ်ခုပါပဲ" လို့ ကွန်ပနီက ဆိုပါတယ်။
ဆက်လက်ပြီး ဘိုင်ယန်မြူးနစ်နည်းပြက လူငယ်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုခဲ့ပြီး အခုလိုစီနီယာအသင်းကြီးမှာ ပွဲထွက်ခွင့်ရဖို့ဆိုတာ မလွယ်ကူတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။
"ဘိုင်ယန်လို အသင်းမျိုးမှာ လူငယ်ကစားသမားတွေအတွက် ပွဲကစားချိန်ရရှိဖို့ဆိုတာ မလွယ်ပါဘူး။ ဒီနေ့ရရှိခဲ့တဲ့အခိုက်အတန့်တွေကို သူတို့တွေ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့အတွက် ရှေ့ဆက်ရမယ့်လမ်းတွေ အများကြီးရှိပါသေးတယ်" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။
ကွန်ပနီက ဖိလစ်ပါဗစ်ကို အထူးချီးကျူးခဲ့ပြီး အဲဒီလူငယ်လေးကို နောက်ကွယ်မှာ တစိုက်မတ်မတ် တိုးတက်အောင် ကြိုးစားနေသူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
"သူဟာ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာ တစ်နှစ်လောက် ရှိပါပြီ၊ ဒါကြောင့် ဒီနေ့မှာ ပွဲကစားခွင့်ရဖို့ သူနဲ့ ထိုက်တန်ပါတယ်" လို့ ဆိုပါတယ်။
လင်းနတ် ကားလ် (Lennart Karl) နဲ့ ပတ်သက်လို့တော့ သူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင် အများကြီး ရှေ့ရောက်နေပြီလို့ ကွန်ပနီက တင်စားခဲ့ပါတယ်။ "သူက အများကြီး ရှေ့ရောက်နေပါပြီ၊ တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်သလို ကျွန်တော်တို့အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာလည်း ကြာပါပြီ။ သူက ထက်မြက်လွန်းပါတယ်။ပါ" လို့ ချီးကျူးခဲ့ပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ကွန်ပနီက ဂိုးရှေ့မှာ အမြဲတမ်းခြေစွမ်းပြနေတဲ့ ဟာရီကိန်းကိုလည်း အထူးတလည်ချီးကျူးစကားဆိုခဲ့ပါတယ်။
"ဟာရီကိန်းကတော့ အံ့ဩစရာပါပဲ။ ဒဏ်ရာမှပြန်လာတာ မကြာသေးပေမဲ့ သူ့ရဲ့ ဒုတိယမြောက်ဂိုးကိုတော့ ကျွန်တော် ဘယ်လိုမှ ရှင်းပြလို့ မရနိုင်လောက်အောင် ကောင်းလွန်းပါတယ်။ ဂိုးသွင်းဖို့ လှုပ်ရှားသွားပုံတွေက မယုံနိုင်စရာကောင်းသလို ကမ္ဘာ့အဆင့်မီသွင်းဂိုး ဖြစ်ပါတယ်။ သူ့လိုကစားသမားမျိုး ကျွန်တော်တို့ဆီမှာ ရှိနေတာကို တကယ်ပဲ ဝမ်းသာမိပါတယ်" လို့ ကွန်ပနီက ပြောပါတယ်။
ရှေ့ဆက်ရမယ့် ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး ကွန်ပနီက ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲကို အာရုံစိုက်နေပြီး အဲဒီပွဲရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ အသင်းမှာ ရှိရမယ့် ယုံကြည်မှုတွေကို အသားပေး ပြောကြားခဲ့ပါတယ်။
"ရီးရဲလ်မက်ဒရစ်မှာက အရာရာတိုင်းဟာ ကြီးကျယ်ခမ်းနားသလို ဘိုင်ယန်မြူးနစ်မှာလည်း အတူတူပါပဲ။ ဒီကလပ်နှစ်ခုလုံးရဲ့သမိုင်းကြောင်းတွေဟာ ကြီးမားလွန်းလို့ တကယ့်ကို ထူးခြားတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက်အဆင့်အတန်း မြင့်လေလေ၊ ပိုကောင်းအောင် ကစားနိုင်လေလေပါပဲ" လို့ ဆိုပါတယ်။
ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပါစေ၊ အသင်းအတွက် လိုအပ်ချက်တွေကို ကွန်ပနီက အခုလို ရှင်းပြခဲ့ပါတယ်။
"ဘယ်လိုပွဲမျိုးပဲ ဖြစ်ပါစေ၊ ဒီလိုပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ကစားသမားတွေရော အသင်းလိုက်ပါ ကိုယ့်ရဲ့ နည်းဗျူဟာတွေကို အကောင်အထည်ဖော်နိုင်ပြီး အောင်မြင်မှုရနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ အဲဒီယုံကြည်မှု အပြည့်ရှိပါတယ်" လို့ အဆုံးသတ်ပြောကြားခဲ့ပါတယ်။