ကိုလုံးကြယ်ပွင့်အယ်လ်မာလကို ဘရိုက်တန်ဆီပြောင်းရွှေ့ရန် မိဘများ အကြံပေး
ကိုလုံးလူငယ်ကြယ်ပွင့်အယ်လ်မာလက ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားချင်နေတယ်လို့ Sport BILD ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
မကြာသေးခင်ကမှ အယ်လ်မာလရဲ့အေးဂျင့်တွေအဖြစ် ဆောင်ရွက်လာကြတဲ့ သူ့ရဲ့မိဘတွေကလည်း ဘရိုက်တန်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုပေးလိုက်ပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့တုန်းကလည်း ဘရိုက်တန်အသင်းဘက်က အယ်လ်မာလာကို ခေါ်ယူဖို့ အတိအလင်းကမ်းလှမ်းခဲ့ဖူးပေမဲ့ အဲဒီအချိန်တုန်းကတော့ ကိုလုံးအသင်းဘက်က ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ အခုရာသီကုန်မှာတော့ အခြေအနေတွေပြောင်းလဲသွားနိုင်ပြီး ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းအပြင် အပိုဆုကြေးတွေ၊ နောက်တစ်ကြိမ် ပြန်လည်ရောင်းချမှုမှရရှိမယ့် ဝေစု (sell-on clause) စတဲ့ သဘောတူညီချက်တွေနဲ့အတူ အပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်တယ်လို့ BILD က ဖော်ပြထားပါတယ်။
အယ်လ်မာလက ကိုလုံးအသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေး (release clause) သတ်မှတ်ထားခြင်းလည်း မရှိလို့ ကိုလုံးအသင်းဘက်မှ အပြောင်းအရွှေ့ကို ကန့်ကွက်တားဆီးပိုင်ခွင့်တော့ ရှိနေပါသေးတယ်။
အသက် ၁၉ နှစ်အရွယ် အယ်လ်မာလက ဒီရာသီမှာ ကိုလုံးအသင်းအတွက် ဘွန်ဒက်လီဂါ ၂၆ ပွဲ ကစား၊ ကိုးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားပြီး ခြေစွမ်းပြသနေပါတယ်။