လူးဝစ်ဒီယက်ဇ်ဟာ ရီးရဲလ် ဒါမှမဟုတ် ဘာစီလိုနာကို ပြောင်းရွှေ့သွားလိမ့်မယ်လို့ ရှုစတာ အခိုင်အမာဆို
လာလီဂါ ဂန္ထဝင်ကစားသမားကြီး ဘန်းရှုစတာက ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လူးဝစ်ဒီယက်ဇ်ဟာ တစ်နေ့မှာ စပိန်မြေကို ပြောင်းရွှေ့သွားလိမ့်မယ်လို့ မြင်မိကြောင်း ပြောကြားလိုက်ပါတယ်။
ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ လီဗာပူးအသင်းကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါမှာ ပထမဆုံးရာသီအတွင်းမှာတင် အထူးခြေစွမ်းပြသနေသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ကစားသမားဘဝသက်တမ်းတစ်လျှောက်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ရှုစတာက Efe သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။ "သူ့ကို စကြည့်ကတည်းက စပိန်မှာရှိတဲ့ ထိပ်သီးအသင်းကြီး သုံးသင်းထဲက တစ်သင်းအတွက် ကစားပေးရမယ့်သူလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်"။
"သူ့ကို ဘာစီလိုနာမှာ ဒါမှမဟုတ် အသစ်တစ်ဖန် ပြန်လည်တည်ဆောက်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကျွန်တော် မြင်ယောင်နေမိပါတယ်။ ဒီကစားသမားက ကျွန်တော့်ကို တော်တော်လေး အံ့အားသင့်စေခဲ့ပါတယ်။ သူက ဂိုးသွင်းကောင်းသူတစ်ယောက်ဖြစ်သလို ဂိုးသွင်းဖို့အတွက်လည်း သိပ်ခက်ခက်ခဲခဲ ကြိုးစားစရာမလိုတဲ့အပြင် အသင်းဖော်တွေအတွက်ပါ ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်တဲ့ အသင်းအတွက် ကစားပေးတတ်သူတစ်ယောက်ပါ" လို့ ရှုစတာက ဆိုပါတယ်။
လူးဝစ်ဒီယက်ဇ်ရဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။