The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့ပွဲကို မေ့ပစ်လိုက်ဖို့ အတ္တလန်တာအသင်းသားတွေကို ပယ်လာဒီနို တိုက်တွန်း

ပြီးခဲ့တဲ့ညက ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အရှက်ရစရာရလဒ်ကို အမြန်ဆုံးမေ့ပစ်လိုက်ကြဖို့ အတ္တလန်တာနည်းပြ ရာဖေးလ် ပယ်လာဒီနိုက သူ့ရဲ့ကလပ်အသင်းကို တိုက်တွန်းလိုက်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အတ္တလန်တာအိမ်ကွင်း ဘာဂါမိုမှာ ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်က ၆ ဂိုး - ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပယ်လာဒီနိုက ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် "သူတို့ က တကယ်ကို အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်းပါ၊ တကယ့်ကို အစွမ်းထက်ပါတယ်။ အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက် သူတို့ကို ဂုဏ်ပြုချင်သလို သူတို့ရဲ့ အရည်အချင်းတွေကလည်း ကျွန်တော့်ကို အထင်ကြီးစေပါတယ်။ ကျွန်တော်တို့ကို အတော်လေး ဒုက္ခပေးခဲ့သလို ဒါဟာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

"ပွဲစကနေ အဆုံးထိ အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ကတော့ ကွင်းထဲမှာ အကောင်းဆုံးပါပဲ။ အားပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ အခုတော့ ဒီပွဲကို ချက်ချင်းမေ့ပစ်လိုက်ပြီး ခေါင်းပြန်မော့ကာ အားအင်တွေ ပြန်လည်ဖြည့်တင်းပြီး လိဂ်ပွဲစဉ်တွေအပေါ်မှာပဲ အာရုံစိုက်သွားကြပါမယ်" လို့ ၎င်းက ဆိုပါတယ်။

ပွဲပြီးဆုံးချိန်မှာ အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့ပတ်သက်ပြီး ပယ်လာဒီနိုက "ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ဒါဟာ ပရိသတ်တွေရဲ့ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနေတာပါ။ သူတို့ဟာ တကယ့်ကို ထူးခြားသူတွေဖြစ်ပြီး လက်ခုပ်သြဘာသံတွေ၊ သီချင်းဆို အားပေးသံတွေနဲ့ ပွဲပြီးတဲ့အထိ ကျွန်တော်တို့ကို ဝန်းရံခဲ့ကြပါတယ်" လို့ စိတ်လှုပ်ရှားစွာ ပြောပြခဲ့ပါတယ်။

"ပရိသတ်တွေရဲ့ အားပေးမှုကို စီးရီးအေနဲ့ ကိုပါအီတာလီယာပွဲစဉ်တွေမှာ အကောင်းဆုံးကစားပြပြီး ပြန်လည်ပေးဆပ်သွားမှာပါ" လို့လည်း ၎င်းက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။