The network connection is lost.

Banner Image

ယူနိုက်တက်မှာ ရလဒ်တွေကသာ အရာအားလုံးကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ဆိုလာတဲ့ ကာရစ်

ယခု ၂၀၂၅-၂၆ ရာသီကုန်အထိ မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားမယ့် နည်းပြ မိုက်ကယ်ကာရစ်က အသင်းမှာ ရလဒ်တွေက အလွန်အရေးကြီးကြောင်းနဲ့ အရာအားလုံးကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အသက်-၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာရစ်ဟာ ကစားသမားဘဝက ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် ယခုတစ်ခေါက် နည်းပြဘဝ ဒုတိယမြောက်ယူနိုက်တက်ခရီးစဉ်မှာတော့ အောင်မြင်မှုတွေဆက်လက်ရယူပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

ကာရစ်က သူ့ရဲ့လက်ရှိတာဝန်ဟာ ကစားသမားတွေနဲ့ နီးနီးကပ်ကပ်အလုပ်လုပ်ဖို့ဖြစ်ပြီး ကစားသမားတစ်ဦးချင်းစီတိုးတက်လာအောင်ကူညီပေးခြင်းဖြင့် တစ်သင်းလုံးရဲ့စွမ်းဆောင်ရည်တွေ တိုးတက်လာမယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။

မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ ကာရစ်က "ကျွန်တော်ကလည်း အသင်းရဲ့ဝန်ထမ်းတွေထဲက တစ်ယောက်ပါပဲ။ ကျွန်တော်တို့အားလုံး တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ရလဒ်တွေကပဲ အားလုံးကို ဆုံးဖြတ်သွားမယ်ဆိုတာကိုလည်း ကျွန်တော် ကောင်းကောင်း သိထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးကာရစ်က ပရိသတ်တွေအကြိုက်တွေ့မယ့် ကစားဟန်မျိုးကို ပုံဖော်လိုကြောင်း "စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးကစားဟန်မျိုးနဲ့ အပြုသဘောဆောင်တဲ့ ကစားကွက်တွေကို မြင်တွေ့ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ထိုင်ခုံကနေ ထရပ်ပြီး အားပေးရလောက်အောင်၊ ကစားသမားတွေ ကစားတာကို ကြည့်ပြီး ပျော်ရွှင်ချင်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ရလဒ်ကောင်းတွေကလည်း ကပ်ပါလာဖို့ လိုအပ်ပါတယ်

"ဒီရာသီမှာ တိုက်ပွဲဝင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ သစ္စာရှိတဲ့ ပရိသတ်တွေအတွက် ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ဖို့ အသင့်ဖြစ်နေပါပြီ"" လို့ပြောကြားခဲ့ပါတယ်။ လာမယ့်စနေနေ့မှာတော့ ကာရစ်ဟာ ယူနိုက်တက်နည်းပြဘဝပွဲဦးထွက်အဖြစ် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။