ကတ်စ်မဲရိုး အသင်းကနေထွက်ခွာဖို့က သေချာသလောက်ဖြစ်ကြောင်း အသိပေးလာတဲ့ ကာရစ်
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကတ်စ်မဲရိုးက ဂိုးသွင်းယူပေးခဲ့ပေမဲ့ သူ အသင်းမှာ ဆက်ရှိနေမလားဆိုတဲ့အပေါ် မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က တိတိကျကျ ပြောဆိုဖို့ ရှောင်လွှဲသွားခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကတ်စ်မဲရိုးက အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကလပ်အသင်းနဲ့ ဘရာဇီးလ်ဝါရင့်ကစားသမား နှစ်ဦးစလုံးက ကြေညာထားပြီးသား ဖြစ်ပါတယ်။
အခြေအနေတွေ ပြောင်းလဲသွားနိုင်မလားလို့ မေးမြန်းရာမှာတော့ ကာရစ်က "တစ်ဖက်ကကြည့်ရင် ပြောရခက်ပါတယ်၊ တစ်ခုခုကို ဆုံးဖြတ်ပြီးသွားပြီဆိုရင် အဲ့ဒီလို ဆုံးဖြတ်ပြီးသားဖြစ်နေတာကပဲ အရာရာကို ပိုလွယ်ကူသွားစေပြီး လူတိုင်းကလည်း အခြေအနေမှန်ကို နားလည်ကြပါတယ်" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် ဒီကိုရောက်ပြီး သူနဲ့အတူလက်တွဲခဲ့တဲ့အချိန်ကစလို့ သူ့ရဲ့သက်ရောက်မှုက တကယ့်ကို အံ့အားသင့်စရာကောင်းပါတယ်။ အသင်းအပေါ် လွှမ်းမိုးနိုင်မှုနဲ့ အရေးကြီးတဲ့အချိန်တွေမှာ ဂိုးတွေသွင်းပေးနိုင်တာကလည်း ထူးခြားပါတယ်" လို့ ဆိုပါတယ်။
"ပြီးတော့ ပွဲအပြီးမှာ ပရိသတ်တွေနဲ့အတူ ရှိနေခဲ့တဲ့အချိန်၊ ပရိသတ်တွေနဲ့ အပြန်အလှန် ချိတ်ဆက်မှုရှိပြီး လေးစားမှုရခဲ့တာတွေဟာ တကယ့်ကို ကောင်းမွန်တဲ့ အခိုက်အတန့်ဖြစ်ခဲ့သလို သူလည်း ဒါကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်" ဟု ကာရစ်က ပြောပါတယ်။
ကာရစ်က ဆက်လက်ပြီး "ဒါဟာ ကတ်စ်မဲရိုးကို မလေးစားလို့ ပြောတာ မဟုတ်ပါဘူး၊ သူက တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်သလို အသင်းဝတ်လဲခန်းထဲမှာလည်း အရေးပါသူပါ။ ကျွန်တော်နဲ့လည်း စကားပြောဖြစ်ပြီး ရင်းရင်းနှီးနှီး ရှိခဲ့ပါတယ်"
"ဒါပေမဲ့ ကလပ်အသင်းတစ်သင်းမှာ ကစားသမားတွေဆိုတာ အဝင်အထွက် ရှိစမြဲပါ။ တချို့က တခြားသူတွေထက် ပိုအရေးပါတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားတစ်ယောက်နေရာမှာ အလားတူတစ်ယောက်နဲ့ ပြန်အစားထိုးဖို့ပဲ စဉ်းစားရမှာမဟုတ်ဘဲ တခြားပုံစံနဲ့လည်း သွားလို့ရပါတယ်။ ကွင်းထဲမှာဖြစ်ဖြစ်၊ ကွင်းပြင်ပမှာဖြစ်ဖြစ် ခေါင်းဆောင်မှုပိုင်း၊ နေရာယူမှုပိုင်း စသဖြင့် အသင်းအတွက် လိုအပ်တဲ့ ဟန်ချက်ညီမှုကို နားလည်ဖို့ပဲ လိုတာပါ"
"ကတ်စ်မဲရိုးဟာ တကယ့်ကို ကောင်းမွန်တဲ့အရာတွေ လုပ်ပြနိုင်ခဲ့သလို ကျွန်တော် ဒီကိုရောက်တဲ့အချိန်ကစလို့ သူနဲ့အတူ လက်တွဲခွင့်ရတာဟာ တကယ့်ကို ဝမ်းသာစရာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။