The network connection is lost.

Banner Image

ကတ်စ်မဲရိုးကို ယူနိုက်တက်မှာဆက်နေဖို့ တိုက်တွန်းခဲ့တဲ့ ကွန်ဟာ

မန်ချက်စတာယူနိုက်တက် ရှေ့တန်းကစားသမား ကွန်ဟာက အသင်းကနေ ထွက်ခွာတော့မယ့် ကတ်စ်မဲရိုးကို အသင်းမှာ ဆက်နေဖို့ သူကိုယ်တိုင် အကြိမ်ကြိမ် တောင်းဆိုခဲ့တဲ့အကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ကတ်စ်မဲရိုးဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရာသီကုန်မှာ ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကလည်း သူ့ရဲ့စာချုပ်ကို နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်ခွင့် ရှိပေမဲ့လည်း လစာအများကြီးပေးနေရတာကို လျှော့ချချင်တဲ့အတွက် သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ ကတ်စ်မဲရိုးကတော့ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေဆဲဖြစ်ပြီး ယူနိုက်တက် အဆင့် ၃ နေရာမှာ အခိုင်အမာရပ်တည်နိုင်အောင် အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ပြသပေးနေပါတယ်။

တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဘရာဇီးလ်ကွင်းလယ်လူ ကတ်စ်မဲရိုးက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကို ခေါင်းတိုက်ပြီး အသင်းအတွက် အဖွင့်ဂိုး ရယူပေးခဲ့တာပါ။ ကျန်တဲ့ဂိုးတွေကိုတော့ ကွန်ဟာနဲ့ ဘင်ဂျမင်ဆတ်စကိုတို့က သွင်းယူခဲ့ပြီး ယူနိုက်တက်အတွက် နိုင်ပွဲကို အတည်ပြုပေးခဲ့ပါတယ်။

ကတ်စ်မဲရိုး ဂိုးသွင်းပြီးပြီးချင်းမှာပဲ ယူနိုက်တက်ပရိသတ်တွေက "နောက်ထပ် တစ်နှစ်လောက် နေပေးပါဦး" ဆိုပြီး တခဲနက် ကြွေးကြော်ခဲ့ကြပြီး ချန်ပီယံလိဂ် ၅ ကြိမ်ရထားတဲ့ ကတ်စ်မဲရိုးကို အသင်းမှာ ဆက်နေဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မိုက်ကယ်ကားရစ်ကို ဒီအကြောင်း မေးမြန်းခဲ့ပေမဲ့ ယူနိုက်တက်အနေနဲ့ ကတ်စ်မဲရိုးရဲ့ အနာဂတ်အပေါ် ဆုံးဖြတ်ချက် ပြောင်းလဲဖို့ အလားအလာ နည်းပါးတယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။

ကွန်ဟာကတော့ သတင်းထောက် ဖရက်ဒ်ကယ်လ်ဒေရာနဲ့ တွေ့ဆုံချိန်မှာ သူဟာ ကတ်စ်မဲရိုးကို အသင်းမှာ ဆက်နေဖို့ ဘယ်လိုမျိုး စည်းရုံးနေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

"ကျွန်တော် သူ့ကို အမြဲတမ်း တောင်းဆိုနေတာပါ၊ 'လာပါ၊ မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်နေပါဦး၊ ကျွန်တော်နဲ့အတူ နောက်ထပ် တစ်နှစ်လောက်ပဲ ဖြစ်ဖြစ်ပါ' ဆိုပြီး ပြောနေတာပါ။ ကျွန်တော်တို့က အရမ်းရင်းနှီးကြပါတယ်" လို့ ကွန်ဟာက ဆိုပါတယ်။

"သူက ကျွန်တော့်ကို အမြဲတမ်း ကူညီပေးတယ်၊ ဒီမှာရော ဘရာဇီးလ်လက်ရွေးစင်အသင်းမှာပါ သူနဲ့အတူ တွဲကစားရတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ သူ့ဆီကနေ အမြဲတမ်း သင်ယူနေရသလို သူ ဘာကြောင့် ဆုဖလားတွေ အများကြီး ရခဲ့တာလဲဆိုတာကိုလည်း ပိုပိုပြီး နားလည်လာရပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

နောက်ဆုံးမှာတော့ ကွန်ဟာက "သူက ဘယ်အသင်းမှာ ကစားမလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ၊ ဒါပေမဲ့ ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေဖို့ပဲ မျှော်လင့်ပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။