မဖြစ်နိုင်လောက်တဲ့ အခြေအနေကနေ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ အဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ဘာနာဒိုဆေးလ်ဗား ပြောကြား
မန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗားက ဒီအပတ်မှာကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်မတိုင်ခင် မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
ပထမအကျော့မှာ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ရီးရဲလ်ကို ၃ ဂိုးပြတ်နောက်ကနေ လိုက်ကစားရမယ့် ခက်ခဲလွန်းတဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးစားရမှာပါ။
ပြီးခဲ့တဲ့အပတ်က ဖယ်ဒရီကို ဗယ်ဗာဒီရဲ့ အံ့အားသင့်ဖွယ် ဟက်ထရစ်သွင်းဂိုးတွေကြောင့် မန်စီးတီးရဲ့ ဥရောပမျှော်လင့်ချက်တွေ ဝေဝါးခဲ့ရပြီး အခုလာမယ့် အင်္ဂါနေ့မှာတော့ စပိန်ထိပ်သီးကလပ်ကို အီတီဟတ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မျှော်လင့်ချက်တွေ လုံးဝပျောက်ကွယ်မသွားသေးဘဲ ဆေးလ်ဗားကတော့ သူနဲ့ သူ့အသင်းဖော်တွေဟာ ဒီပွဲအတွက် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း ပွဲကြိုမှာ ပြောဆိုခဲ့ပါတယ်။
"ဘောလုံးလောကမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကို အားကစားက ကျွန်တော်တို့ကို သင်ပေးထားပါတယ်။ မက်ဒရစ်က ရလဒ်က တကယ်ကို ဆိုးရွားခဲ့ပေမဲ့လည်း ဒါဟာ ခက်ခဲတဲ့ပွဲဖြစ်မယ်ဆိုတာ သိထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ။ ပြိုင်ဘက်က တကယ်ကို တောင့်တင်းတဲ့အသင်းဖြစ်ပေမဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်" လို့ ဆေးလ်ဗားက ဆိုပါတယ်။
ဒါ့အပြင် ၎င်းက "ဂိုးစောစောရဖို့က အရမ်းအရေးကြီးပါတယ်။ ဘယ်လောက်ပဲခက်ခဲပါစေ ဖြစ်လာနိုင်တာပါပဲ။ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တယ်ဆိုတာ သိပါတယ်။ ဂိုးစောစောရရင် ပိုကောင်းမှာဖြစ်သလို ကျွန်တော်တို့ဘက်ကလည်း စွန့်စားမှုတွေလုပ်ပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ ဆက်ပြောပါတယ်။
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေရင် အသေးစိတ်အချက်အလက်လေးတွေက ကျွန်တော်တို့ဘက်မှာ ရှိလာပါလိမ့်မယ်။ နီကိုးရဲ့ ဂိုးဝင်သွားရင် အခြေအနေက တစ်မျိုးဖြစ်သွားနိုင်သလို အာလင်း ဟာလန်း ဂိုးသွင်းနိုင်မယ်လို့လည်း ယုံကြည်ရပါမယ်။ ပြိုင်ဘက်က အခွင့်အရေးရလာချိန်မှာလည်း ကျွန်တော်တို့ ခံစစ်က တားဆီးနိုင်မယ်လို့ ယုံကြည်ရပါမယ်။ ဒီလိုယုံကြည်မှုတွေနဲ့ဆိုရင် ဖြစ်နိုင်ခြေ ရှိပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားပြီး မန်စီးတီးကတော့ ဝက်စ်ဟမ်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ စိတ်ပျက်စရာ ရလဒ်နဲ့အတူ ဒီပွဲကို ရင်ဆိုင်ရမှာပါ။
မန်စီးတီးက သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိနေပေမဲ့ ကိုင်လီယန် အမ်ဘာပေနဲ့ ဂျုဒ် ဘယ်လင်ဂမ်တို့ပါ ပြန်ပါလာတဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကပဲ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အခြေအနေ အသာစီးရနေပါတယ်။