The network connection is lost.

Banner Image

ဗီလာနဲ့ပွဲမှာ အထူးခြေစွမ်းပြခဲ့တဲ့ ဖာနန်ဒက်စ်ကို ကာရေဂါချီးကျူး

မိုက်ကယ်ကာရစ် အသင်းကို စတင်တာဝန်ယူကိုင်တွယ်ချိန်ကစပြီး ဘရူနိုဖာနန်ဒက်စ်ဟာ တကယ်ကို အံ့အားသင့်စရာကောင်းလောက်အောင် ပြောင်းလဲတိုးတက်လာသူဖြစ်တယ်လို့ ဂျေမီကာရေဂါက အထူးတလည် ချီးကျူးပြောကြားလိုက်ပါတယ်။

ဒါဟာ ပေါ်တူဂီကြယ်ပွင့် ဘရူနိုအနေနဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး မန်ယူနိုက်တက်အသင်းရဲ့ သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ ချီးကျူးစကားလည်း ဖြစ်ပါတယ်။ အက်စတွန်ဗီလာနဲ့ပွဲမှာ ဘရူနိုရဲ့ ကြယ်ငါးပွင့်ပြ ခြေစွမ်းကြောင့် ၂၀၂၅-၂၀၂၆ ရာသီမှာ သူ့ရဲ့ဂိုးဖန်တီးမှုဟာ ၁၆ ကြိမ်အထိ ရှိလာခဲ့ပြီး ရာသီကုန်ဖို့ ၈ ပွဲတောင် ကျန်ပါသေးတယ်။

အားလုံး မျှော်လင့်ထားတဲ့အတိုင်းပဲ ဘရူနိုဟာ တနင်္ဂနွေနေ့ကပွဲစဉ်မှာ သူရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို Fotmob ရဲ့ သတ်မှတ်ချက်အရလည်း ကွင်းအတွင်း အမှတ်အများဆုံးကစားသမား (၈.၈ မှတ်) အဖြစ် ရပ်တည်ခဲ့ပါတယ်။

မနေ့ညက တင်ဆက်ခဲ့တဲ့ Monday Night Football အစီအစဉ်ရဲ့ သုံးသပ်ချက်မှာလည်း ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ ဂိုးဖန်တီးမှုတွေ ပြုလုပ်တဲ့နေရာမှာ တခြားသူတွေနဲ့ မတူဘဲ တစ်ဦးတည်း သီးသန့် အဆင့်အတန်းတစ်ခုမှာ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။

ကာရေဂါက ဘရူနိုနဲ့ပတ်သက်ပြီး "သူက ဒီရာသီမှတင် မဟုတ်ဘဲ ယူနိုက်တက်ကို ရောက်လာကတည်းက အသင်းအတွက် အံ့အားသင့်စရာကောင်းတဲ့သူ ဖြစ်ခဲ့တာပါ။ သူ့ရဲ့ ကိန်းဂဏန်းတွေကတော့ တကယ်ကို အံ့ဩစရာပါပဲ။ ဒါပေမဲ့ မိုက်ကယ်ကာရစ်က သူ့ကို နံပါတ် ၁၀ နေရာမှာ အဓိကထားပြီး အသုံးပြုလာတဲ့နောက်ပိုင်းမှာတော့ သူ့ရဲ့ကစားပုံက ပြီးခဲ့တဲ့ ၁၂ လအတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာထက် ပိုပြီး အဆင့်အတန်းမြင့်တဲ့ နောက်တစ်ဆင့်ကို ရောက်သွားတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ပြောခဲ့သလိုပဲ အရင်နည်းပြလက်ထက်မှာ သူက နည်းနည်း ပိုနိမ့်တဲ့နေရာမှာ ကစားခဲ့ရလို့ပါ" လို့ ပြောကြားသွားခဲ့ပါတယ်။