The network connection is lost.

Banner Image

ကာရစ်က ယူနိုက်တက်ရဲ့နည်းပြရာထူးနဲ့ ရာနှုန်းပြည့်ထိုက်တန်မှုရှိနေပြီလို့ ရွန်းနီချီးကျူး

တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အရေးကြီးပွဲစဉ်အပြီးမှာ ရွန်းနီက ကာရစ်ကို အိုးလ်ထရက်ဖို့ဒ်မှာ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ကာရစ်ကတော့ ဒီအပေါ်မှာ စကားတွေအများကြီးပြောမနေဘဲ ယူနိုက်တက်ရဲ့ ရလဒ်တွေနဲ့ပဲ သက်သေပြဖို့ ရွေးချယ်ခဲ့တာပါ။

ဒုတိယပိုင်းမှာ ကတ်စီမီရို၊ မားသီးရပ်စ်ကွန်ညာနဲ့ ဘင်ဂျမင်ဆက်စကိုတို့ရဲ့ ဂိုးတွေကြောင့် ကာရစ်ရဲ့အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရှိန်အဟုန်ကောင်းလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အဆင့် ၄ အတွင်းဝင်ဖို့ ကြိုးစားနေရင်း အခုဆိုရင် ပရီးမီးယားလိဂ်ဇယားရဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဗီလာထက် ၃ မှတ် အသာရနေတာပါ။

ယာယီနည်းပြအဖြစ် ကာရစ် စတင်တာဝန်ယူပြီးနောက် ၉ ပွဲမှာ ၇ ပွဲအထိ အနိုင်ရထားတာကြောင့် ယူနိုက်တက်ဟာ အဆင့် ၆ က ချယ်လ်ဆီးနဲ့ ၆ မှတ်အထိ ကွာဟသွားပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။ ရွန်းနီကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ကာရစ်ဟာ ဒီရာထူးနဲ့ "၁၀၀ ရာနှုန်းပြည့်" ထိုက်တန်တယ်လို့ BBC ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ စရိုက်နဲ့ ပင်ကိုယ်စရိုက်ကိုလည်း သိပါတယ်။ အသင်းမှာ တည်ငြိမ်တဲ့သူတစ်ယောက် လိုအပ်နေတာပါ။ ဒီနေရာအကြောင်းကို ကောင်းကောင်းသိတဲ့သူ၊ ပြီးတော့ ကစားသမားတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးနိုင်မယ့်သူမျိုး လိုအပ်နေတာဖြစ်ပြီး ကာရစ်က အဲ့ဒါတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်" လို့ ရွန်းနီက ဆိုပါတယ်။

"ကစားသမားတွေဟာ အရင်ကထက် ပိုကောင်းလာတာ၊ အသင်းလိုက် ပိုပြီး စည်းစည်းလုံးလုံး ရှိလာတာတွေကို မြင်နေရပြီဖြစ်သလို အသင်းဟာလည်း အင်အားတောင့်တင်းတဲ့ပုံစံ ပေါက်နေပါတယ်။ ကျွန်တော့်အမြင်အရဆိုရင်တော့ ဘာကြောင့် နည်းပြပြောင်းလဲနေဦးမှာလဲ" လို့ သူက ဆက်ပြောပါတယ်။ ယူနိုက်တက်မှာ ကစားသမားဘဝနဲ့ အောင်မြင်မှုတွေ အများကြီး ရယူခဲ့တဲ့ ကာရစ်အနေနဲ့လည်း အမြဲတမ်းနည်းပြရာထူးကို ရယူဖို့ ဆန္ဒရှိနေတာကတော့ အသေအချာပါပဲ။