The network connection is lost.

Banner Image

ဗီလာကိုဂိုးပြတ်အနိုင်ရခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ နည်းပြ မိုက်ကယ်ကာရစ်ကတော့ အလွန်ပဲ ဝမ်းမြောက်ကျေနပ်နေပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဒုတိယပိုင်းအတွင်း ကတ်စ်မဲရိုးက ယူနိုက်တက်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ဗီလာကစားသမား ရော့စ်ဘာကလေက ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကွန်ဟာနဲ့ ဆက်စ်ကိုတို့က အသင်းအတွက် ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့တာကြောင့် ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲအပြီးမှာတော့ ကာရစ်က "ခံစားချက် တကယ်ကောင်းပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာအတော်များများအပေါ်မှာ တကယ်ကို ကျေနပ်မိပါတယ်။ ဒါဟာ အနိုင်ရလဒ်တွေဆီ ပြန်သွားဖို့အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲဆိုတာ ကျွန်တော်တို့ ကြိုသိထားပြီးသားပါ။ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကစားသမားတွေက အရမ်းကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း "ဒါဟာ တကယ်ကို အရေးပါတဲ့ ပွဲတစ်ပွဲပါ။ ပွဲမစခင်မှာ ကျွန်တော်တို့ဟာ အရင်ပွဲက ရှုံးနိမ့်လာခဲ့တဲ့ အခြေအနေမျိုးနဲ့ မကြုံဖူးသေးတဲ့အတွက် အခြေအနေက ဘယ်ဘက်ကိုမဆို ရောက်သွားနိုင်ပြီး တကယ့်ကို ကွာခြားမှု ရှိစေနိုင်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေက ဒီအခြေအနေကို တစ်ပတ်လုံးမှာရော ဒီနေ့မှာပါ အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနေ့ပွဲအတွက် ကျွန်တော့်မှာ ခံစားချက်ကောင်းတစ်ခု ရှိနေခဲ့တာပါ" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ဟာ ပွဲမစခင်ကတည်းက အာရုံစိုက်မှုအပြည့်၊ ယုံကြည်မှုအပြည့်နဲ့ တကယ့်ကို အခြေအနေကောင်းတစ်ခုမှာ ရှိနေခဲ့တာပါ။ အဲဒါကို ဒီနေ့ပွဲမှာ မြင်တွေ့ခဲ့ရပြီး အသင်းလိုက်အနေနဲ့ ကျွန်တော်တို့ တကယ်ကောင်းကောင်း ကစားနိုင်ခဲ့သလို ထိုက်တန်တဲ့ ရလဒ်ကိုလည်း ရရှိခဲ့ပါတယ်" လို့ ကာရစ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ သွင်းဂိုး ၃ ဂိုးထဲက ၂ ဂိုးကို ဖန်တီးပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီးတော့လည်း ကာရစ်က "သူဟာ ဒီလိုမျိုးစွမ်းဆောင်ရည်တွေကို လုပ်ပြနေတာ ကြာပါပြီ။ တကယ့်ကို ကွာခြားမှု ဖန်တီးပေးနိုင်တဲ့ နေရာမှာ သူရှိနေခဲ့တာပါ" လို့ ပြောပါတယ်။

"စာရင်းဇယားတွေကတော့ အားလုံးကောင်းမွန်နေသလို ဂိုးဖန်တီးမှုတွေအတွက်လည်း သူက ချီးကျူးမှုတွေ ရရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ အသင်းတစ်သင်းလုံးရဲ့ စုစည်းမှုက ပိုအရေးကြီးပြီး အသင်းအနိုင်ရနေသရွေ့ ဘယ်သူဂိုးသွင်းသွင်း ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒါဟာ သူ့ရဲ့ အကျိုးသက်ရောက်မှုကို ပြသနေတာဖြစ်ပြီး ဒီနေ့မှာ သူက ကျွန်တော်တို့အတွက် အရေးပါခဲ့ပါတယ်" လို့ ဆိုပါတယ်။

"သူ့မှာ ဂိုးသွင်းတာပဲဖြစ်ဖြစ်၊ ဂိုးဖန်တီးတာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ပါတယ်။ လေ့ကျင့်ရေးမှာပဲဖြစ်ဖြစ်၊ ပွဲစဉ်တွေမှာပဲဖြစ်ဖြစ် သူက အမြဲတမ်း အသင့်ရှိနေတတ်သူပါ။ ကွန်ဟာဆီကို ပေးလိုက်တဲ့ ပေးပို့မှုဟာ တကယ့်ကို ကောင်းမွန်လွန်းပြီး ဒီနေ့မှာ သူပြသခဲ့တဲ့ အကောင်းဆုံး ခြေစွမ်းကို ပိုပြီးပြီးပြည့်စုံသွားစေပါတယ်" လို့လည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။