The network connection is lost.

Banner Image

ဟွိုက်လန်း ဂိုးတွေသွင်းဖို့လိုအပ်နေသေးတယ်လို့ အာမိုရင် ပြောကြား

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယမန်နေ့ညက ဘုန်းမောက်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းအနေနဲ့ အခုထက်ပိုပြီး ဂိုးတွေသွင်းဖို့ လိုအပ်နေသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘုန်းမောက်ဟာ ပွဲကစားချိန် မိနစ် ၇၀ မှာကစားသမားတစ်ယောက်အထုတ်ခံခဲ့ရလို့ လက်ကျန် မိနစ်တွေကို ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပြီး ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်ချေပဂိုးကို ကာလရှည်ဂိုးပေါက်ပျောက်နေခဲ့တဲ့ တိုက်စစ်မှူ ဟွိုက်လန်းကအချိန်ပို ၉၀+၆ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အာမိုရင်က "ဒီဂိုးသွင်းနိုင်လို့ သူ သက်တောင့်သက်သာဖြစ်သွားမယ်လို့ ကျွန်တော်မပြောပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေထက်စာရင်တော့ ပိုကောင်းတယ်ပြောရမှာပါ။ သူအခု ဂိုးတွေပိုသွင်းဖို့ လိုအပ်လာပါပြီ"

"ဒီအသင်းမှာ သူ့အနေနဲ့ ဂိုးတွေဘယ်လောက်အထိသွင်းနိုင်ရမယ်ဆိုတာ သူသိပါတယ်။ မန်ချက်စတာယူနိုက်တက်လိုအသင်းအတွက်ကစားနေရင် ကွင်းထဲကိုဝင်တဲ့ ခြေလှမ်းတစ်လှမ်းစီတိုင်းမှာ တိုးတက်နေရပါမယ်။ သူ့အပေါ်မှာထားထားတဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်ပါတယ်။ ဒါကိုသူ သဘောပေါက်ဖို့လိုပါတယ်။ သူ ဂိုးမသွင်းနိုင်တဲ့အချိန်တွေမှာ ဂိုးသွင်းဖို့အတွက်နီးစပ်တဲ့အခြေအနေတွေကို ဖန်တီးနိုင်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုရာသီပရီးမီးယားလိဂ်မှာ ဒိန်းမတ်လက်ရွေးစင်ဟာ စုစုပေါင်း ၄ ဂိုးသာသွင်းယူထားနိုင်တာဖြစ်လို့ ယူနိုက်တက်ကနေ ထွက်ခွာရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး စီးရီးအေကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ သို့သော်လည်း ကစားသမားအနေနဲ့ ယူနိုက်တက်ရဲ့လက်ကျန်ရာသီပွဲစဉ်တွေမှာ သွင်းဂိုးတွေထပ်မံရရှိအောင်စွမ်းဆောင်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်ခွင့်ရမလား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။