
ရော်နယ်ဒိုနဲ့ မက်ဆီတို့ခေတ်မှာ ဘောလွန်းဒီအော်ရခဲ့သင့်တဲ့ ကစားသမားအမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ကာကာ
ကမ္ဘာ့ဖလား၊ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့လို အသင်းလိုက်ဆုဖလားတွေနဲ့ ဘောလွန်းဒီအော်လို တစ်ဦးချင်းဆုတံဆိပ်တွေ ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလက်ရွေးစင်ဟောင်း ကာကာက ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ခေတ်မှာ ဘောလွန်းဒီအော်ဆုရခဲ့သင့်တဲ့ ကစားသမားတစ်ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ကာကာဟာ ၂၀၀၇ ခုနှစ်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့သူဖြစ်ပြီး အဆိုပါဆုကို နောက်ဆုံးအကြိမ်ဆွတ်ခူးထားနိုင်တဲ့ ဘရာဇီးသားလည်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာတော့ ရော်နယ်ဒိုနဲ့ မက်ဆီတို့သာ ဘောလွန်းဒီအော်ကို တစ်လှည့်စီ သိမ်းပိုက်ခဲ့ကြပြီး စုစုပေါင်း ရော်နယ်ဒိုက ၅ ကြိမ်နဲ့ မက်ဆီက ၈ ကြိမ် စီ အသီးသီးရရှိခဲ့ကြပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့လွှမ်းမိုးမှုကာလအတွင်း အခြားကမ္ဘာ့ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီး၊ ဖရန့်ခ်ရစ်ဘာရီ၊ အာလင်းဟာလန်းနဲ့ ဗန်ဒိုက်ခ်တို့လိုကစားသမားတွေဟာ ဘောလွန်းဒီအော်ဆုနဲ့ ထိုက်တန်ခဲ့ကြပေမယ့် ဒုတိယလူအဖြစ်နဲ့သာ ကျေနပ်ခဲ့ကြရတာလည်းဖြစ်ပါတယ်။
မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာ ဆယ်စုနှစ်တစ်ခုကျော်အထိ ဘောလွန်းဒီအော်အတွက် အားပြိုင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အခြားကစားသမားတွေကလည်း အဆိုပါဆုအတွက် ဆန်ကာတင်စာရင်းတွေမှာ အနီးစပ်ဆုံးပါဝင်လာခဲ့ကြပါတယ်။
ယခုအခါမှာ ကာကာကို မက်ဆီနဲ့ရော်နယ်ဒိုတို့ရဲ့ခေတ်အတွင်းမှာ ဘယ်ကစားသမားက ဘောလွန်းဒီအော်ဆုနဲ့ထိုက်တန်ခဲ့သလဲလို့မေးမြန်းခဲ့ရာ ဘရာဇီးသားက "ပြောဖို့တော့ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ နေမာပါပဲ။ သူ့ရဲ့ထိပ်တန်းကစားသမားဘဝမှာ နေမာက ကမ္ဘာ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလွန်းဒီအော်လို တစ်ဦးချင်းဆုတံဆိပ်ကိုဆွတ်ခူးနိုင်ဖို့ ကစားသမားတစ်ယောက်က အသင်းလိုက်ဆုဖလားတွေရယူဖို့လည်း အရေးကြီးပါတယ်"
"ဒီအချက်ကြောင့်ပဲ သူဒီဆုနဲ့ လွဲချော်ခဲ့တာပါ။ တကယ်လို့ ပီအက်စ်ဂျီမှာ နေမာကစားနေတဲ့အချိန် ချန်ပီယံလိဂ်ဖလားရခဲ့ရင် သူဘောလွန်းဒီအော်ဆုကိုရခဲ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အမြင်မှာတော့ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ကာကာသာမက ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီဂိုးသမားဟောင်း ဘူဖွန်ကလည်း နေမာဟာ ဘောလွန်းဒီအော်ဆုနဲ့ ထိုက်တန်ကြောင်းကို "နေမာက ဘောလွန်းဒီအော် ၅ ကြိမ်လောက်အထိရသင့်တဲ့ကစားသမားပါ" လို့အခိုင်အမာပြောကြားခဲ့ဖူးပါတယ်။ နေမာကတော့ သူ့အနေနဲ့ ဘောလွန်းဒီအော်ဆုနဲ့လွဲချော်ခဲ့ခြင်းမှာ ဒဏ်ရာပြဿနာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဘရာဇီးလက်ရွေးစင်က "ကျွန်တော် ကံမကောင်းစွာနဲ့ ဒဏ်ရာပြဿနာတွေအများအပြားကြုံတွေ့ခဲ့ပါတယ်။ ကျွန်တော် ၇ နှစ်လောက်အထိ ဒဏ်ရာတွေနဲ့ တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဘောလုံးအကြောင်းနားလည်တဲ့လူတွေလည်း ပီအက်စ်ဂျီမှာရှိခဲ့တဲ့ ကျွန်တော့်ရဲ့အကောင်းဆုံးအချိန်တွေကို မြင်ကြပါလိမ့်မယ်။ကျွန်တော်ဘောလွန်းဒီအော်ရဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေက ကျွန်တော့်အတွက် အခက်တွေ့စေခဲ့ပါတယ်။ ဒါကိုလက်ခံနိုင်ဖို့လည်းလိုအပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။