စီရော်နယ်ဒိုရဲ့အနားယူမှုကြောင့် အဝတ်လဲခန်းအတွင်း တင်းမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို ရူဘင်နီဗက်စ် ပေါ့ပေါ့ပါးပါးပယ်ချ
စီရော်နယ်ဒိုရဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ အနားယူမှုနဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ အငြင်းပွားဖွယ်ရာကိစ္စတွေကို ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ရူဘင်နီဗက်စ်က ပေါပေါ့ပါးပါးတုံ့ပြန်ပယ်ချခဲ့ပြီး ပြင်ပဝေဖန်မှုကြောင့် အသင်းအပေါ်သက်ရောက်မှု မရှိနိုင်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
စီရော်နယ်ဒိုရဲ့မိခင် ဒိုလိုရက်စ်အာဗေရိုက သားဖြစ်သူရဲ့လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးနေ့ရက်တွေမှာ ကစာသမားတွေကိုယ်တိုင် လုံလောက်တဲ့ လေးစားမှုမျိုး မပြသခဲ့ကြဘူးလို့ စွပ်စွဲပြောဆိုပြီးနောက် အယ်လ်ဟီလယ်ကြယ်ပွင့်ရဲ့တုံ့ပြန်သံ ထွက်ပေါ်လာပါတယ်။
ဒိန်းမတ်ကို ၄-၁ ဂိုးဖြင့် စိတ်ပျက်ဖွယ်ရှုံးနိမ့်ပြီးနောက် အသင်းအပေါ် စိစစ်ဝေဖန်မှုတွေ ပြင်းထန်လာချိန် သူမရဲ့ပြောကြားချက် ထွက်ပေါ်လာခဲ့ပါတယ်။
ဝေးလ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်မီ နီဗက်စ်က စီရော်နယ်ဒိုထွက်ခွာသွားမှုအပေါ် အငြင်းပွားမှုတွေ မြင့်တက်နေပေမဲ့လည်း ကစားသမားတွေဆီမှာတော့ စည်းလုံးမှု ဆက်ရှိနေကြဆဲပဲလို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။
နီဗက်စ်က "ရိုးရိုးသားသားပြောရရင် လက်ရွေးစင်အသင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ကျွန်တော်တို့ကစားသမားတွေအတွက်တော့ ဒီလိုဆူညံသံတွေကြောင့် ကျွန်တော်တို့ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ကို သက်ရောက်မှု မရှိပါဘူး" လို့ ပြောပါတယ်။
"ဒါတွေ ဘယ်တော့ ပြီးဆုံးမလဲ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးတာ ရပ်သွားတဲ့အခါ၊ အင်တာဗျူးတွေ ပြီးသွားတဲ့အခါမှာ ဒါတွေလည်း ပြီးဆုံးသွားပါလိမ့်မယ်"
"လက်ရွေးစင်အသင်းနဲ့ သူ့ရဲ့ပါဝင်ပတ်သက်မှု ပြီးဆုံးသွားချိန်မှာ စီရော်နယ်ဒိုကိုယ်တိုင်ကပဲ ဒီကိစ္စကို အဆုံးသတ်ခဲ့ပြီး ထုတ်ပြန်ချက်လည်း ထုတ်ခဲ့ပြီးပါပြီ"
"စီရော်နယ်ဒိုကို ကျွန်တော်တို့ အများကြီးကျေးဇူးတင်ပါတယ်။ လက်ရွေးစင်အသင်းနဲ့ ပေါ်တူဂီဘောလုံးလောကအတွက် သူ လုပ်ဆောင်ပေးခဲ့တဲ့ အရာအားလုံးကြောင့် အလွန်ပဲ ကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ သူအနားယူသွားတဲ့အချိန်မှစလို့ နိုင်ပွဲတွေမှာရော ရှုံးပွဲတွေမှာပါ လက်ရွေးစင်အသင်းအတွက် ကိုယ်တိုင်မားမားမတ်မတ်ရပ်တည်ကြရမယ့်သူတွေက ကျွန်တော်တို့ပဲ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။