The network connection is lost.

Banner Image

ယာမယ်လ်ရဲ့ခြေစွမ်းပိုင်းကို မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ ရဲရဲဝံ့ဝံ့နှိုင်းယှဉ်လိုက်တဲ့ စတီဗင်ဂျာရတ်

လီဗာပူးနဲ့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျာရတ်က ဘာစီလိုနာကြယ်ပွင့် ယာမယ်လ်ဆီမှာ သမိုင်းတလျှောက် အကြီးကျယ်ဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်လာနိုင်မယ့် အရည်အသွေးတွေအားလုံး ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားလေးက ၂၀၂၃ ခုနှစ်နောက်ပိုင်း ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် မယုံကြည်နိုင်လောက်အောင် တိုးတက်လာခဲ့ပြီး ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆုနှစ်ကြိမ်အပြင် စပိန်နဲ့အတူ ယူရိုချန်ပီယံဆု၊ ဖီဖာကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ဆွတ်ခူးရရှိထားပါတယ်။

ကလပ်အသင်းအတွက် ၁၆၇ ပွဲကစား ၆၂ ဂိုး သွင်းယူထားသလို လာလီဂါပြိုင်ပွဲတစ်ခုတည်းမှာတင် ဂိုးဖန်တီးမှု ၃၇ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့ ယာမယ်လ်က ဂန္တဝင်တွေဖြစ်တဲ့ စီရော်နယ်ဒို၊ မက်ဆီတိုနဲ့ ဆက်လက်နှိုင်းယှဉ်ခံရမယ့် အဆင့်အတန်းမျိုးကို ပြသထားပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတို့မှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ နောက်ပိုင်းတိုးတက်လာမှုအပေါ် အခြေခံပြီး ရှုမြင်ကြည့်မယ်ဆိုရင် ယာမယ်လ်က အခုအသက်အရွယ်ပိုင်းမှာ ဒီပုဂ္ဂိုလ်နှစ်ဦးထက် ရှေ့ရောက်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပါတယ်။ ဂျာရတ်ကလည်း ယာမယ်လ်ကိုယ်တိုင် နောက်ထပ်အဆင့်တစ်ခုဆီ တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

ဂျာရတ်က "တကယ်လို့ သူသာ ဆက်လက်တိုးတက်နေမယ်ဆိုရင် အဲဒီအဆင့်အတန်းမျိုးဆီ ရောက်ရှိနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်"

"လက်ရှိအချိန်မှာ သူတို့ရဲ့အကောင်းဆုံးအသက်အပိုင်းအခြားဆီ ရောက်နေကြတဲ့ အမ်ဘာပေနဲ့ ဟာလန်းတို့လည်း အဲ့ဒီအဆင့်အနီးအနားမှာ ရှိနေကြပေမဲ့ ယာမယ်လ်ကတော့ သူတို့ထက် အနည်းငယ်သာလွန်နေတယ်လို့ ကျွန်တော် ယူဆထားပါတယ်"

"သူ့အတွက်ရော၊ ဘာစီလိုနာရှိ သူ့ရဲ့ပတ်ဝန်းကျင်အတွက်ပါ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတဲ့ အချက်ကတော့ သူ့ရဲ့အောင်မြင်မှုဆာလောင်စိတ်ကို ဆက်ရှိနေအောင် ဘယ်လိုထိန်းသိမ်းပေးသွားမလဲ ဆိုတာပါပဲ"

"ပါရမီနဲ့ အလားအလာပိုင်းအရ ကြည့်မယ်ဆိုရင် သူက ဘောလုံးကွင်းထဲမှာ အသက် ၁၉ နှစ်အရွယ်ကစားသမားတစ်ဦးအတွက် ကျွန်တော် တစ်ခါမှမမြင်ဖူးတဲ့အရာတွေကို လုပ်ပြနေပါတယ်"

"သူက အသက် ၁၉ နှစ်အရွယ် စီရော်နယ်ဒိုထက် ပိုပြီး ရှေ့ရောက်နေပါတယ်။ ကျွန်တော်လည်း မက်ဆီရဲ့လူငယ်ကစားသမားဘ၀ကို ရင်ဆိုင်ကစားခဲ့ဖူးပြီး အဲ့ဒီအချိန်မက်ဆီထက် ယာမယ်လ်က ပိုပြီးရှေ့ရောက်နေပါတယ်"

"ဒါပေမဲ့ စီရော်နယ်ဒိုရော၊ မက်ဆီပါ ပြသခဲ့တဲ့ တည်ငြိမ်မှုမျိုးကို ယာမယ်လ် ပြသနိုင်ပါ့မလား။ သူတို့သွင်းယူခဲ့သလိုမျိုး သွင်းဂိုးတွေကိုရော ယာမယ်လ် ရနိုင်ပါ့မလား။ ပြီးတော့ No.9 တိုက်စစ်မှူးအဖြစ် ယာမယ်လ် အသွင်ပြောင်းသွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်" လို့ ဆိုပါတယ်။