ဘယ်လင်ဟမ်ကို ဘရာဇီးဂန္ထဝင် ကာကာနဲ့ နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ
ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ကို ဘောလွန်းဒီအော်ဆုရှင်ဟောင်း ကာကာနဲ့ နှိုင်းယှဉ်ချီးကျူးလာခဲ့ပါတယ်။
သောကြာနေ့နံနက်က ဆားဘီးယားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ နည်းပြသောမတ်စ်တူချယ်လ်ဟာ အသင်းရဲ့ကစားသမားအင်အားကို စမ်းသပ်ခဲ့မှုကြောင့် ဘယ်လင်ဟမ်ဟာ အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရပေမယ့် အန်ဆယ်လော့တီကတော့ သူ့ရဲ့ကစားသမားဟောင်းကို ချီးကျူးလာခဲ့တာဖြစ်ပါတယ်။
အန်ဆယ်လော့တီဟာ ရီးရဲလ်နည်းပြအဖြစ်တာဝန်ယူစဉ်က ဘယ်လင်ဟမ်ကို ၂၀၂၃ ခုနှစ်မှာ ဒေါ့မွန်မှ ပေါင် ၈၈ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး ကစားသမားနဲ့အတူ ၂၀၂၄ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ အီတလီသားနည်းပြက "ဂျုဒ်က တကယ်အံ့ဩစရာကောင်းတဲ့ကစားသမားပါ။ သူ့ကို ကာကာတို့လို ကစားသမားတွေနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ ခန္ဓာကိုယ်အသုံးပြုမှုအားကောင်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ကစားသမားမျိုးပါ။ ဂိုးဧရိယာထဲကိုလည်း ချိန်သားကိုက်ရောက်နေတတ်ပါတယ်။ သူက တကယ်ကောင်းတဲ့ကစားသမားဖြစ်ပြီး ၃ လလောက်တော့ ဒဏ်ရာကြောင့်နားခဲ့ရတာပါ။ ဒါကြောင့်သူ့ကို မေးခွန်းထုတ်စရာမလိုပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဘယ်လင်ဟမ်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ရာမှာလည်း အန်ဆယ်လော့တီက "သူ့မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တာမျိုး ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ သူက တကယ်ကိုပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားပါ။ အင်္ဂလိပ်ကစားသမားတော်တော်များများက အရမ်းကြိုးစားကြပါတယ်၊။ ဘယ်တော့မှလည်း ညည်းညူနေတာမျိုးမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘယ်လင်ဟမ်က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူစာရင်းမှာ ပါဝင်နေသလားလို့မေးမြန်းခဲ့ရာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းက "သေချာတာပေါ့။ သူက ကမ္ဘာ့အကောင်းဆုံးတွေထဲကတစ်ဦးပါ။ ကျွန်တော်နဲ့သူနဲ့ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိပါတယ်။ ၂၀၂၄ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဗိုလ်စွဲအောင် သူက ကျွန်တော့်ကိုကူညီပေးခဲ့ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။