ဘရာဇီးရဲ့ တက်သစ်စလူငယ်ကြယ်ပွင့်တွေအတွက် ဖိအားတွေကို ခံယူပေးဖို့ အသင့်ရှိနေတဲ့ ဗင်နီစီးယက်စ်
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်က လက်ရွေးစင်အသင်းရဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍဆီ ပါဝင်လာချိန် ဘရာဇီးရဲ့တက်သစ်စလူငယ်ကစားသမားတွေအပေါ် ဝေဖန်မှုဒဏ်တွေကို ကာကွယ်ပေးသွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှ စိတ်ပျက်ဖွယ်ထွက်ခွာခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိဖို့ ရုန်းကန်နေရတယ်လို့ အသက် ၂၆ နှစ်အရွယ်ကစားသမားက ဝန်ခံခဲ့ပေမဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ အန်းဒရစ်ခ်နဲ့ အက်စတီဗာအိုတို့ကို အပြည့်အဝ ပံ့ပိုးကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
စင်ကာပူနိုင်ငံမှာ ဘရာဇီးလက်ရွေးစင်တာဝန်ထမ်းဆောင်နေချိန်အတွင်း သူ့အပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေကို ဗင်နီစီးယက်စ်က အသိအမှတ်ပြုခဲ့သလို မျိုးဆက်သစ် ကစားသမားတွေ လွတ်လွတ်လပ်လပ် စွမ်းဆောင်နိုင်စေဖို့အတွက် ဖိအားတွေကို ကိုယ်တိုင် ပခုံးထမ်းခံယူပေးဖို့ အသင့်ရှိနေတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
Globo Esporte သတင်းဌာနရဲ့ဖော်ပြချက်အရ ဗင်နီစီးယက်စ်က "အသက်အငယ်ဆုံး ကစားသမားတွေ ဒီကိုလာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘာဖိအား၊ ဘာတာဝန်ယူမှုမှ မရှိဘဲ လွတ်လွတ်လပ်လပ် ကစားသင့်ပါတယ်"
"ကျွန်တော်ကတော့ ကမ္ဘာ့ဖလား နှစ်ကြိမ် ကစားခဲ့ဖူးပြီးပါပြီ။ အတွေ့အကြုံ ပိုများတဲ့သူ ဖြစ်တာကြောင့်ရော ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်တာကြောင့်ပါ ပိုမိုကြီးမားတဲ့တာဝန်ယူမှု ကျွန်တော့်ဆီမှာပဲ ရှိရပါမယ်"
"အန်းဒရစ်ခ်၊ အက်စ်တီဗာအိုနဲ့ အခြားကစားသမားလေးတွေ သင်ယူပြီး တိုးတက်လာနိုင်စေဖို့အတွက် ဒီတာဝန်ကို ကျွန်တော် ရယူထားနိုင်ပါပြီ။ ဒါမှလည်း ကျွန်တော်၊ ရာဖင်ဟာ၊ မာကွင်ဟို့စ်၊ မာဂယ်လ်ဟေးစ်နဲ့ ဘရူနိုဂူမာယေးစ်တို့က အသင်းကို ကာကွယ်ပေးနိုင်ပြီး ဒီတာဝန်တွေကို ခံယူပေးနိုင်ပါလိမ့်မယ်" လို့ ပြောပါတယ်။