ဂရာဗီနာ၊ ဘူဖွန်နဲ့ ဂတ်တူဆိုတို့ ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်တဲ့ ကမ္ဘာ့ဖလားဆုရှင်အယ်လ်တိုဘယ်လီ
အီတလီအသင်းရဲ့ကမ္ဘာ့ဖလားဆုရှင်ဟောင်းအယ်လ်တိုဘယ်လီက နိုင်ငံ့လက်ရွေးစင်အသင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့နေရာကို လဲလှယ်သွားဖို့ တောင်းဆိုလိုက်ပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်၊ အီတလီအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးနိမ့်မှုအပြီး အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဥက္ကဋ္ဌ ဂရာဗီနာ၊ အသင်းမန်နေဂျာဘူဖွန်နဲ့ နည်းပြဂတ်တူဆိုတို့အားလုံး ရာထူးမှနုတ်ထွက်ပေးဖို့ အယ်လ်တိုဘယ်လီက လိုလားနေပါတယ်။
Tuttosport သတင်းဌာနနဲ့တွေ့ဆုံချိန် အယ်လ်တိုဘယ်လီက "ရှင်းရှင်းလေးပါပဲ၊ ကျွန်တော်တို့ ဘာကိုမှ နားမလည်ခဲ့ကြဘူး။ အရင်နှစ်ကြိမ် ပြိုင်ပွဲမှထွက်ခဲ့ရမှုအပေါ်မှာလည်း ဘာသင်ခန်းစာမှ ရအောင် မယူနိုင်ခဲ့ကြပါဘူး။"
"ဒါကြောင့်လည်း အခုအင်္ဂါနေ့ရှုံးနိမ့်မှုကို အဆိုးရွားဆုံးကျရှုံးမှုပဲလို့ ကျွန်တော် ပြောချင်ပါတယ်" ပြောပါတယ်။
ဂရာဗီနာ၊ ဘူဖွန်နဲ့ ဂတ်တူဆိုတို့အကြောင်း မေးမြန်းရာမှာတော့ အင်တာမီလန်တိုက်စစ်မှူးဟောင်းက "သူတို့တွေကပဲ ဒီနည်းစနစ်ပိုင်းဆိုင်ရာ စီမံကိန်းကို ရေးဆွဲခဲ့တာလေ။ များသောအားဖြင့် ဒီလိုမျိုး ကြီးမားတဲ့ကျရှုံးမှုတွေနဲ့ ကြုံလာရရင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်"
"ဂရာဗီနာက ဘူဖွန်ကို ရွေးချယ်ခဲ့ယ်၊ ဘူဖွန်က ဂတ်တူဆိုကို ပြန်ရွေးခဲ့တာလေ။"လို့ ဆိုပါတယ်။
ဂရာဗီနာရဲ့နေရာမှာ အစားထိုးဖို့အတွက်တော့ အယ်လ်တိုဘယ်လီက အင်တာမီလန်ဥက္ကဋ္ဌမာရော့တာကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
အယ်လ်တိုဘယ်လီက "ကျွန်တော့်အမြင်မှာတော့ မာရော့တာက အဖွဲ့ချုပ်ဥက္ကဋ္ဌရာထူးနဲ့ သင့်တော်ပါလိမ့်မယ်။ ကျွန်တော် နှစ်ပေါင်းများစွာကစားခဲ့ပြီး ရင်ထဲမှာ အမြဲရှိနေတဲ့ အင်တာမီလန်အသင်းမှာ သူရှိနေလို့ အခုလို ပြောနေတာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
"သူ ဂျူဗင်တပ်စ်မှာရှိနေချိန်ဆိုရင်တောင် ကျွန်တော် အခုလိုပဲပြောပါမယ်။ သူက တခြားသူတွေထက် ဘောလုံးအကြောင်းကို ပိုသိသလို၊ သူ ဘာလုပ်ရမလဲဆိုတာကိုလည်း ကောင်းကောင်းသိပါတယ်" လို့ ဆိုပါတယ်။