ပီအက်စ်ဂျီရဲ့ အွန်လိုင်းလှုပ်ရှားမှုစွပ်စွဲချက်တွေမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အယ်လ်ခါလိုင်ဖီ ငြင်းဆို
ဝေဖန်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်ဖို့ လူမှုကွန်ရက်အကောင့်တုတွေ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ တရားသူကြီးတွေရှေ့မှောက် ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်လ်ခါလိုင်ဖီ သွားရောက်ထွက်ဆိုခဲ့ပါတယ်။
ကလပ်အသင်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့နဲ့ ပြိုင်ဘက်လို့ ယူဆရသူတွေကို တိုက်ခိုက်ဖို့အတွက် ရည်ရွယ်ပြီး လျှို့ဝှက်အွန်လိုင်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြား ဆက်သွယ်ရေးအေဂျင်စီတစ်ခုနဲ့ ပီအက်စ်ဂျီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ အဓိကအာရုံစိုက်ထားပါတယ်။
ဒီလုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ တိုက်ရိုက်သိရှိထားခြင်း မရှိဘူးလို့ အယ်လ်ခါလိုင်ဖီက ငြင်းဆိုခဲ့ပြီး ကလပ်အသင်းရဲ့ဆက်သွယ်ရေးဌာန၊ နေ့စဉ်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်တွေမှာ သူ ပါဝင်ပတ်သက်မှု မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ကလပ်အသင်းရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးသူတွေ ဆက်လက်စစ်ဆေးနေချိန် ဌာနဆိုင်ရာလုပ်ငန်းတွေကို ရီဘက်စ်ကိုယ်တိုင် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ခဲ့တယ်လို့ ပီအက်စ်ဂျီဥက္ကဋ္ဌက အခိုင်အမာပြောဆိုခဲ့ပါတယ်။
RMC Sport ရဲ့ ဖော်ပြချက်အရ အယ်လ်ခါလိုင်ဖီက "ယန်း မာရှယ်လ် ရီဘက်စ် ဆိုတာ ပီအက်စ်ဂျီရဲ့ ဆက်သွယ်ရေးဒါရိုက်တာပါ" လို့ ပြောပါတယ်။
"သူ့ရဲ့တာဝန်က ကလပ်အသင်းကို ဥပဒေနဲ့အညီ ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ အသေးစိတ်အခြေအနေအားလုံးမှာတော့ ကျွန်တော် ပါဝင်ပတ်သက်ခြင်း မရှိပါဘူး" လို့ ဆိုပါတယ်။