
အီဇီနဲ့ ဂူဟီတို့အတွက် အခုချိန်အထိ ခိုင်မာတဲ့ကမ်းလှမ်းမှုမရသေးတဲ့ ခရစ္စတယ်ပဲလေ့စ်
ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့်ကစားသမားတွေဖြစ်ကြတဲ့ အီဘရီချီအီဇီနဲ့ မာ့ခ်ဂူဟီတို့ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့အပါအဝင် အခြားကလပ်အတော်များများက ခေါ်ယူဖို့စိတ်ဝင်စားနေကြပေမယ့် အခုချိန်အထိတော့ ပဲလေ့စ်အနေနဲ့ ခိုင်မာတဲ့ကမ်းလှမ်းမှုတွေ မရှိသေးဘူးလို့သိရပါတယ်။
The Sun သတင်းဌာနရဲ့အဆိုအရ အီဇီနဲ့ ဂူဟီတို့ဟာ ယခုနွေရာသီမှာပဲ ခရစ္စတယ်ပဲလေ့စ်နဲ့လမ်းခွဲပြီး ကစားသမားဘဝတိုးတက်ရေးအတွက် အသင်းကြီးတွေထံပြောင်းရွှေ့ကစားဖို့ ပြင်ဆင်ထားကြတယ်လို့သိရပါတယ်။ နောက်ခံလူ ဂူဟီကို နယူးကာဆယ်၊ တော့တင်ဟမ်နဲ့ လီဗာပူးတို့က စိတ်ဝင်စားနေကြတာဖြစ်ပြီး အာဆင်နယ်ကလည်း ကွင်းလယ်တိုက်စစ်ကစားသမား အီဇီကို ပစ်မှတ်ထားစောင့်ကြည့်နေတာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားတွေလည်းဖြစ်ကြတဲ့ အီဇီနဲ့ ဂူဟီတို့ဟာ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်အတွက် အက်ဖ်အေဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သူတွေဖြစ်ပြီး ကလပ်အတွင်း ပုံရိပ်အမြင့်ဆုံးကစားသမားတွေလည်းဖြစ်ပါတယ်။ ဂူဟီဟာ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာကြောင့် ယခုနွေရာသီအတွင်း မရောင်းချနိုင်ပါက လာမယ့်နွေရာသီမှာ ပဲလေ့စ်အနေနဲ့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးသွားရနိုင်သလို၊ အီဇီကလည်း စာချုပ်သက်တမ်း ၂ နှစ်သာကျန်ရှိတော့တာဖြစ်ပါတယ်။
သတင်းတွေအရ ပဲလေ့စ်အနေနဲ့ အီဇီရဲ့စာချုပ်ဖျက်သိမ်းကြေးကို ပေါင် ၆၈ သန်းအထိသတ်မှတ်ထားတယ်လို့သိရပြီး အပြောင်းအရွှေ့မပိတ်သိမ်းခင် မရောင်းချနိုင်ခဲ့ပါက အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဂူဟီရဲ့တန်ဖိုးကိုတော့ ကနဦးက ပေါင်သန်း ၄၀ သတ်မှတ်ထားပေမယ့် ယခုအခါမှာတော့ ၁၀ သန်းအထိလျှော့ချပြီး ပေါင်သန်း ၃၀ နဲ့ရောင်းချဖို့ပြင်ဆင်နေပါတယ်။ အင်္ဂလန်နောက်ခံလူကို လီဗာပူးက ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် အခုချိန်အထိတော့ ကမ်းလှမ်းမှုမပြုလုပ်ရသေးဘူးလို့သိရပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ပဲလေ့စ်ဟာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အီဇီနဲ့ ဂူဟီတို့ကို အဆိုပါပွဲစဉ်မှာ မြင်တွေ့သွားရမလား စောင့်ကြည့်ရပါမယ်။