အီဇီအနေနဲ့ တခြားအသင်း ထက် အာဆင်နယ်ကို ရွေးချယ်ခဲ့တာ မှန်ကန်တယ်လို့ အိုလီဗာဂလက်စနာဆို
ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စနာဟာ လက်ရှိ အာဆင်နယ်ကြယ်ပွင့် အီဘီရီချီ အီဇီကို ဂုဏ်ပြုစကားပြောကြားရင်း စပါးအသင်းကို သွယ်ဝိုက်ပြီး ခနဲ့တဲ့တဲ့ စနောက်ပြောဆိုသွားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အီဇီဟာ ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အပြင် ထပ်ဆောင်းဆုကြေး ပေါင် ၇.၅ သန်းနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူငယ်စဉ်တုန်းက လက်လွှတ်ခဲ့ရတဲ့ ကလပ်အသင်းဟောင်းဆီကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြန်လည်ရောက်ရှိခြင်းလည်း ဖြစ်ပါတယ်။
အခုဆိုရင်တော့ အီဇီဟာ ပရီမီယံလိဂ်ချန်ပီယံတစ်ဦး ဖြစ်လာခဲ့ပါပြီ။ မန်စီးတီးအသင်းက ဘုန်းမောက်ကို မနိုင်ခဲ့တဲ့နောက်မှာ အီဇီဟာ မီကေလ်အာတီတာရဲ့ အာဆင်နယ်အသင်းကို ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် လိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
တကယ်တော့ အီဇီရဲ့ အခြေအနေတွေဟာ အခုလိုဖြစ်မလာဘဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ တိုက်စစ်ကွင်းလယ်လူ အီဇီဟာ မြောက်လန်ဒန်ပြိုင်ဘက် စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ရာသီပိတ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ ဂလက်စနာက စပါးအသင်းကို ခနဲ့ဖို့ အခွင့်အရေးကို လက်မလွှတ်ခဲ့ပါဘူး။
"ပထမဆုံးအနေနဲ့ ၂၂ နှစ်အကြာမှာ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်း၊ မီကေလ်အာတီတာ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ဒီအောင်မြင်မှုကြီးအတွက် ဂုဏ်ပြုချင်ပါတယ်။ သူတို့ တကယ်ကို အံ့ဩစရာကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ပြနိုင်ခဲ့တာပါ" လို့ ကြာသပတေးနေ့က ဂလက်စနာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူက "အီဘီရီချီကိုလည်း အထူးပဲ ဂုဏ်ပြုပါတယ်။ သူအနေနဲ့ တခြားကလပ်ကို မသွားဘဲ အာဆင်နယ်ကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် ထင်ပါတယ်" လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။