ထိပ်တန်းလူစာရင်းတစ်ခု တည်ဆောက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေးရန် တောင်းဆိုလိုက်တဲ့ တော့တင်ဟမ်နည်းပြဒီဇာဘီ
နှစ် ၅၀ နီးပါးကာလအတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်တန်းဆင်းဇုန်အန္တရာယ်မှ လက်မတင်လေး လွတ်မြောက်ခဲ့ပြီးနောက် လာမယ့်ဘောလုံးရာသီသစ်၊ တော့တင်ဟမ်အသင်းအတွက် ထိပ်တန်းလူစာရင်းတစ်ခု တည်ဆောက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားရမယ်လို့ နည်းပြဒီဇာဘီက ပြောကြားလိုက်ပါတယ်။
လန်ဒန်မြေမှာ အဲဗာတန်ကို ဧည့်ခံကစားရတဲ့ ရာသီပိတ်ပွဲစဉ်အတွင်း ပယ်လင်ဟာရဲ့တစ်လုံးတည်းသောသွင်းဂိုးဖြင့် တော့တင်ဟမ်တို့ အနိုင်ရရှိပြီးနောက် တန်းဆင်းဇုန်အန္တရာယ်မှ လုံး၀လွတ်ကင်းသွားပါတယ်။ တဖက်မှာလည်း ဝက်စ်ဟမ်းက လိဒ်ကို အိမ်ကွင်းဂိုးပြတ်အနိုင်ရလဒ်ဖော်ဆောင်ခဲ့ပေမဲ့ တန်းဆင်းသွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့မတ်လကုန်ပိုင်းမှာ အခုဘောလုံးရာသီ၊ တော့တင်ဟမ်ရဲ့ တတိယမြောက်နည်းပြသစ်ဖြစ်လာတဲ့ ဒီဇာဘီက အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်အောင် လုပ်ပေးရမယ့် တာဝန်ကို လက်ခံရယူခဲ့ပါတယ်။ "ကျွန်တော်တို့ အကောင်းဆုံး အလုပ်လုပ်နိုင်ခဲ့ကြပါတယ်၊ ဒါပေမဲ့ အသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိနေတဲ့အချက်ကလည်း ကျွန်တော့်အတွက် ကံကောင်းမှုတစ်ခု ဖြစ်ပါတယ်" လို့ စိတ်အေးသွားရတဲ့ အီတလီလူမျိုးနည်းပြကြီးက Sky Sports ဆီ ပြောခဲ့ပါတယ်။
"ဒီနေ့ပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုရင် ဖိအားတွေ အများကြီးကြားထဲမှာ သူတို့တွေ ဘောလုံးကို ဘယ်လိုကောင်းကောင်း ကိုင်တွယ်ကစားသွားလဲဆိုတာ သိနိုင်ပါတယ်။ ဒါက ကျွန်တော် ဒီကိုရောက်လာပြီးနောက်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်လို့တောင် ပြောလို့ရပါတယ်။ တကယ်ကို အံ့ဩစရာကောင်းတဲ့ ပွဲစဉ်တစ်ခုပါ။ ကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားရင် ရလဒ်ကောင်းတွေ အလိုလိုရရှိလာပါလိမ့်မယ်" လို့လည်း သူက ဆိုပါတယ်။
တော့တင်ဟမ်မှာ အခြေခံအားဖြင့် ကစားသမားကောင်းတွေ ရှိနေပေမဲ့ ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားသစ်တွေထပ်မံဖြည့်တင်းဖို့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့ ဒီဇာဘီက ပြောပါတယ်။
"နောက်ရာသီမှာ ကျွန်တော်တို့ တကယ့်ကိုအင်အားကြီးတဲ့အသင်းတစ်ခု တည်ဆောက်ရပါမယ်။ ရှိနေတဲ့ ကစားသမားတွေကို အများကြီးပြောင်းလဲပစ်စရာမလိုပေမဲ့ အဆင့်အတန်းမြင့်ကစားသမားသစ်တချို့တော့ ခေါ်ယူဖို့ လိုအပ်ပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။