
ဒဏ်ရာကြောင့် အင်္ဂလန်အသင်းကနေထပ်မံနုတ်ထွက်ခဲ့ရပြန်တဲ့ ချဲလ်ဆီးစတား
ချဲလ်ဆီးနောက်ခံလူ ရိစ်ဂျိမ်းစ်တစ်ယောက် ဒဏ်ရာအခြေအနေကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ ထပ်မံနုတ်ထွက်ခဲ့ရပြန်ပြီဖြစ်ပါတယ်။ တူချယ်က ဝေးလ် ၊ လက်ဗီးယားတို့နဲ့ပွဲတွေအတွက် ဂျိမ်းစ်ကိုခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ဒဏ်ရာကြောင့် အဆိုပါပွဲတွေမှာ ချဲလ်ဆီးစတားအနေနဲ့ ပါဝင်ကစားတော့မှာမဟုတ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတွေကတည်းက ဂျိမ်းစ်တစ်ယောက် ကြံ့ခိုင်မှုပိုင်းပြဿနာရှိနေပြီး အခုလည်းကာလရှည်နားရတာကို ရှောင်ရှားနိုင်ဖို့ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားမပါဝင်နိုင်တာကြောင့် စီးတီးစတား အိုရီလေက ပထမဆုံးစီနီယာကစားသမားအဖြစ် ခေါ်ယူခြင်းခံခဲ့ရပါတယ်။ လီဗာပူးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂျိမ်းစ်အနေနဲ့ ဒဏ်ရာပြဿနာရှိခဲ့တာဖြစ်ပြီး မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပေမယ့် စစ်ဆေးမှုတွေပြုလုပ်ချိန်မှာ ဒဏ်ရာပြဿနာစိုးရိမ်ရတာကြောင့် နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။
“ဂျိမ်းစ်အစား မန်စီးတီးစတား အိုရီလေကို ပထမဆုံးအဖြစ် အစားထိုးခေါ်ယူခဲ့ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ယူ - ၂၁ အသင်းကနေ စီနီယာအသင်းအတွက် ပါဝင်ကစားမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းစတားက လီဗာပူးနဲ့ပွဲမှာပါဝင်ကစားရင်း ဒဏ်ရာရခဲ့တာကြောင့် နုတ်ထွက်ခဲ့ပါတယ်”လို့ အင်္ဂလန်အသင်းက ကြေညာခဲ့ပါတယ်။ ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အင်္ဂလန်အသင်းမှာပါဝင်ဖို့ ရုန်းကန်နေရတာဖြစ်ပြီး ၂၀၂၃ - ၂၄ ရာသီမှာ နိုင်ငံ နဲ့ ကလပ်အသင်းပွဲစဉ် ၄၀ ကျော်လောက်ကို လွဲချော်ခဲ့ပါတယ်။
မနှစ်ကရာသီတုန်းကလည်း တူညီတဲ့ပြဿနာတွေနဲ့အတူ ၂၆ ပွဲလောက်ကို လွဲချော်ခဲ့ပါတယ်။ ၂၀၂၀ မှာ နိုင်ငံအသင်းအတွက် ပထမဆုံးပွဲဦးထွက်ပါဝင်ခဲ့ပေမယ့် ဂျိမ်းစ်တစ်ယောက် ၂၁ ပွဲသာ ပါဝင်ခွင့်ရရှိထားသေးတာဖြစ်ပါတယ်။ ဂွါဒီယိုလာလက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အိုရီလေဟာ ပထမဆုံးနိုင်ငံစီနီယာအသင်းထံကနေ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ကွင်းလယ်မှာလည်းကစားနိုင်တာဖြစ်ပြီး ၂၀၂၄ ကွန်မြူနတီဒိုင်းပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခဲ့သလို ပရီးမီးယားလိဂ် ၁၅ ပွဲပါဝင်ကစားထားခဲ့ပါတယ်။
ချဲလ်ဆီးအတွက်တော့ ဒဏ်ရာရကစားသမားတွေများနေပြီး ရိစ်ဂျိမ်းစ်အပြင် ဖိုဖာနာ ၊ တိုဆင် ၊ ချာလိုဘတ် ၊ အက်ဆူဂိုတို့လည်း ဒဏ်ရာပြဿနာရှိနေပါတယ်။ သတင်းကောင်းကတော့ ချဲလ်ဆီးအနေနဲ့ နိုင်ငံတကာအားလပ်ရက်ဖြစ်နေတာကြောင့် လာမယ့်နော်တင်ဟမ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာရကစားသမားတွေပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။