မန်စီးတီးနဲ့ပွဲမတိုင်မီ ချဲလ်ဆီးအတွက်ပြန်ကစားပေးနိုင်မယ့် ရီစီဂျိမ်းစ်
ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ဟာ အခုဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ အသင်းဆီ ပြန်လာနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့လက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဂျိမ်းစ်တစ်ယောက် အနားယူနေရတာဖြစ်ပြီး အခုနွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခွင့် လွဲချော်သွားနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
အနားမယူခင်မှာ လေးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ပေါ့ဗေးလ်အသင်းကို ၇ ဂိုး - ဂိုးမရှိနဲ့ အပြတ်အသတ်အနိုင်ရပြီး FA ဖလား နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်လာမယ့်ပွဲမှာတော့ မကြာသေးမီလတွေအတွင်း အရမ်းကို ခြေစွမ်းထက်နေတဲ့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။
Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျိမ်းစ်ရဲ့ ဒဏ်ရာအခြေအနေဟာ လက်ရှိမှာ တိုးတက်မှုတွေ ရှိနေပြီး ဧပြီလနှောင်းပိုင်း ဒါမှမဟုတ် မေလအစောပိုင်းလောက်မှာ ကွင်းထဲ ပြန်ဝင်လာနိုင်ဖွယ် ရှိပါတယ်။
ဒါကြောင့် သူဟာ မန်စီးတီးနဲ့ပွဲအပြင် မန်ယူ၊ ဘရိုက်တန်တို့နဲ့ပွဲတွေနဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ကစားရမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကိုပါ လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။
ဂျိမ်းစ်ဟာ မကြာသေးခင်ကမှ အသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသူဖြစ်ပြီး အသင်းအပေါ်မှာလည်း အပြည့်အဝ သစ္စာရှိသူပါ။ ဒါပေမဲ့ သူဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲစဉ်တွေ ဆက်တိုက်ကစားနိုင်ဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။
လာမယ့်အပတ် ပရီးမီးယားလိဂ် ပြန်စချိန် မန်စီးတီးနဲ့ပွဲမှာ ဂျိမ်းစ် ပြန်ပါလာနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး နည်းပြ လီယမ်ရိုဆင်နီယာက "ကျွန်တော်လည်း မသေချာသေးပါဘူး။ ကျွန်တော်တို့က တစ်ရက်ချင်းစီရဲ့ အခြေအနေကို စောင့်ကြည့်နေတာပါ။ အချိန်အတိအကျ ပြောလိုက်ပြီးမှ အဲ့ဒီအတိုင်း ဖြစ်မလာရင် ကစားသမားတွေအပေါ် ဖိအားပေးသလို ဖြစ်သွားမှာစိုးလို့ အချိန်ဇယားတစ်ခု မသတ်မှတ်ချင်ပါဘူး။ ဒါပေမဲ့ လက်ရှိမှာတော့ သူတို့အားလုံး အကောင်းဆုံး ကြိုးစားနေကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
သောမတ်စ်တူဟယ်က ကမ္ဘာ့ဖလားလူစာရင်းကို မထုတ်ပြန်ခင် အင်္ဂလန်အသင်းရဲ့ နောက်ဆုံးလေ့ကျင့်ရေးနဲ့ ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းခေါင်းဆောင် မပါဝင်နိုင်ခဲ့ပါဘူး။ အကယ်၍ သူဟာ နောက်လအတွင်း ပြန်မလာနိုင်ခဲ့ရင်တော့ နယူးကာဆယ်က တီနိုလီဗရာမန်တိုတို့လို ကစားသမားတွေကို မျက်စိကျနေတာကြောင့် ဂျိမ်းစ်တစ်ယောက် လူစာရင်းကနေ ချန်လှပ်ခံရနိုင်ခြေ ရှိနေပါတယ်။