ဆန်းဒါးလန်းကို ရှုံးနိမ့်ပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့လို့ စိတ်ပျက်နေတဲ့ ချဲလ်ဆီးယာယီနည်းပြမက်ဖာလိန်း
ရာသီပိတ်ပွဲစဉ်မှာ ဆန်းဒါးလန်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ချဲလ်ဆီးအသင်းရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက် ပျက်သုဉ်းသွားရမှုအပေါ် မက်ဖာလိန်းက စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးက ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် အလင်းရောင်ကွင်းကြီးမှာ မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်ခဲ့ပေမဲ့ ဟူမီရဲ့သွင်းဂိုးနဲ့ ဂတ်စတိုရဲ့ Own Goal တို့ကြောင့် ဆန်းဒါးလန်းကို မကျော်ဖြတ်နိုင်ဘဲ လက်မြှောက်အရှုံးပေးလိုက်ရပါတယ်။
"ဒါက ဘောလုံးရာသီတစ်ခုအတွက် တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ အဆုံးသတ်ပါပဲ" လို့ မက်ဖာလိန်းက ပွဲအပြီးမှာ ချဲလ်ဆီးဝက်ဘ်ဆိုက်ဆီ ပြောပြခဲ့ပါတယ်။
"ကျွန်တော်တို့တွေ ဒီထက်ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုမှာ ရာသီသိမ်းသင့်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒီကစားသမားစုဖွဲ့မှုနဲ့ သူတို့မှာရှိတဲ့ အရည်အချင်းတွေကြောင့် ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရသင့်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ရဲ့ခြေစွမ်းက တခါတလေ တည်ငြိမ်မှုမရှိခဲ့ဘဲ နောက်ဆုံးမှာတော့ ကျွန်တော်တို့ကို အထိနာစေခဲ့ပါတယ်"
"အဝတ်လဲခန်းအတွင်း ခံစားချက်ကတော့ သိသာပါတယ်၊ အားလုံး စိတ်ပျက်နေကြပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အနိုင်ရပြီး ဆိုးရွားတဲ့အခြေအနေကြားမှ အကောင်းဆုံးဖြစ်အောင်လုပ်ယူကာ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ခဲ့ကြပါတယ်"
"ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ လိုချင်တဲ့ ခြေစွမ်းရော၊ ရလဒ်ပါ မရရှိခဲ့ပါဘူး။ ဒီကစားသမားတွေနဲ့အတူရှိခဲ့တဲ့ ရှစ်ပွဲလောက်မှာတော့ သူတို့ရဲ့စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်လို့ သံသယဖြစ်စရာ ဒါမှမဟုတ် မေးခွန်းထုတ်စရာ ဘာမှမရှိပါဘူး"
"ကျွန်တော်တို့တွေ ပွဲစဉ်တိုင်း အနိုင်မရခဲ့ဘူးဆိုတာ သိပေမဲ့ ကစားသမားတွေကတော့ နေ့စဉ်နေ့တိုင်း အရာရာကိုပေးဆပ်ခဲ့ကြပါတယ်။ နေ့တိုင်းမှာ အရာရာတိုင်းကို ပေးဆပ်ခဲ့ကြပါတယ်။ ဒီထက်ပိုပြီးတော့လည်း ကျွန်တော် မတောင်းဆိုနိုင်တော့ပါဘူး၊ တကယ်အရေးကြီးတဲ့ပွဲစဉ်တချို့မှာ ကျွန်တော်တို့ အောင်ပွဲမရယူနိုင်ခဲ့ရုံပါပဲ" လို့ ၎င်းက ဆိုပါတယ်။