ရီစီဂျိမ်းစ် လာမယ့်လအထိ အနားယူရမှာဖြစ်ကြောင်းအသိပေးလာတဲ့ ရိုဆင်နီယာ
ချဲလ်ဆီးနည်းပြ လီယမ်ရိုဆင်နီယာဟာ ဒီတစ်ပတ်မှာကစားမယ့် အဲဗာတန်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ စနေနေ့မှာ Hill Dickinson Stadium မှာ ကစားမယ့် အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ရီစီဂျိမ်းစ်နဲ့ ထရီဗာချာလိုဘာတို့ အပါအဝင် ကစားသမားအချို့ မပါဝင်နိုင်ဘဲ ဖြစ်နေပါတယ်။
ချဲလ်ဆီးဟာ ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက်မှာ အခုပွဲစဉ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ရိုဆင်နီယာရဲ့လက်ထက်မှာ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားသွားရမှာပါ။ လက်ရှိမှာ ရိုဆင်နီယာဟာ ချဲလ်ဆီးဘုတ်အဖွဲ့ရဲ့ ထုတ်ပယ်ခြင်းခံရဖို့ နီးစပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေရတာလည်း ဖြစ်ပါတယ်။
"နည်းပြတိုင်းဟာ ခက်ခဲတဲ့ အပတ်စဉ်တွေကို ဖြတ်သန်းကြရတာပါပဲ။ ကျွန်တော်လည်း အရင်က ဒီလိုစိန်ခေါ်မှုတွေ ကြုံဖူးပါတယ်။ တခြားနည်းပြတွေလိုပဲ ကျွန်တော့်ရဲ့ အလုပ်သက်တမ်းတစ်လျှောက်မှာ ပွဲတွေရှုံးဖူးပါတယ်။ အခုကတော့ အဲဗာတန်နဲ့ပွဲမှာ တိုက်ပွဲဝင်ပြီး ဒီခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်ဖို့ နည်းလမ်းရှာရမှာပါ" လို့ သူက ဆိုပါတယ်။ "ချန်ပီယံလိဂ်မှာ ရှိနေချင်ကြတာပဲလေ။ ဒါက ငွေကြေးအရတင်မဟုတ်ဘဲ အရာအားလုံးကို ပိုပြီးရှင်းလင်းစေပါတယ်။ ဒီကလပ်အသင်းက ချန်ပီယံလိဂ်မှာ ရှိနေဖို့ ထိုက်တန်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ" လို့လည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရိုဆင်နီယာက အသင်းရဲ့ ဒဏ်ရာရလူစာရင်း အခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲအပြီးမှာ အသင်းမှာ ဒဏ်ရာရသူတွေ များပြားနေလို့ ကစားသမားတွေကို အလှည့်ကျအသုံးပြုဖို့ ပြင်ဆင်နေရပြီး လက်ရှိမှာ ချဲလ်ဆီးအတွက် အက်ဖ်အေဖလား တစ်ခုတည်းသာ မျှော်လင့်ချက် ကျန်ပါတော့တယ်။
ချာလိုဘာနဲ့ ပတ်သက်ပြီး "ပွဲပြီးမှပဲ ဓာတ်ပုံကို မြင်ခဲ့ရတာပါ။ နောက်တစ်နေ့အတွက် တကယ်ကို စိုးရိမ်ခဲ့ရပါတယ်။ သူ အနားယူရတာ မကောင်းပေမဲ့ အစက ထင်ထားသလောက်တော့ မပြင်းထန်ပါဘူး။ ဒါပေမဲ့ ၆ ပတ်လောက်တော့ အနားယူရမှာပါ" လို့ ဆိုပါတယ်။ ဂိုးသမား ဖိလစ်ဂျော်ဂျင်ဆင်နဲ့ ပတ်သက်လို့တော့ "ဖိလစ်က စစ်ဆေးမှုတွေလုပ်ပြီး ခွဲစိတ်မှု အသေးစားတစ်ခု လုပ်ခဲ့ရပါတယ်။ သိပ်တော့ မပြင်းထန်ပါဘူး၊ သီတင်းပတ် အနည်းငယ်ပဲ ကြာမှာပါ" လို့ ပြောပါတယ်။
အသင်းခေါင်းဆောင် ရီစီဂျိမ်းစ်နဲ့ ပတ်သက်ပြီးတော့ "ရီစီဂျိမ်းစ်ကိုတော့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှပဲ ပြန်ကြည့်ရမှာပါ။ မပြင်းထန်ပေမဲ့ သူ့ရဲ့ တံကောက်ကြောဒဏ်ရာကိုတော့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ စောင့်ကြည့်သွားပါမယ်" လို့ ရိုဆင်နီယာက ရှင်းပြခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ အသင်းရဲ့ သတင်းပေါက်ကြားမှုတွေနဲ့ ပတ်သက်ပြီး ရိုဆင်နီယာက ဒါတွေကို တားဆီးနိုင်ခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက အသင်းရဲ့ လူစာရင်းတွေဟာ ခွင့်ပြုချက်မရှိဘဲ ကြိုတင်ပေါက်ကြားခဲ့တာဖြစ်ပြီး အခုတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ "ဒါဟာ ကျွန်တော့်အပေါ်ဖြစ်ဖြစ်၊ အသင်းအပေါ်ဖြစ်ဖြစ် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာမျိုးမဟုတ်မှန်း သိပါတယ်။ အခုတော့ ဒီအခြေအနေကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းပြီးပါပြီ" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။