အက်စတွန်ဗီလာက ပစ်မှတ်ထားနေတဲ့ ဟာဗေးဘန်းစ်ကို ဈေးနှုန်းသတ်မှတ်လိုက်တဲ့ နယူးကာဆယ်
အက်စတွန်ဗီလာအသင်းဟာ သူတို့ဆီက ကစားသမားတချို့ကို ရောင်းထုတ်ပြီးတာနဲ့ နယူးကာဆယ်အသင်းရဲ့ တောင်ပံကစားသမား ဟာဗေးဘန်းစ်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဗုဒ္ဓဟူးနေ့ညက ဖရိုင်းဘတ်ကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပေမဲ့လည်း အသင်းရဲ့ ကစားသမားအသုံးစရိတ် ကန့်သတ်ချက် (squad cost ratio) စည်းမျဉ်းတွေကြောင့် ဗီလာအသင်းဟာ ဘောလုံးကနေရရှိတဲ့ ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကိုပဲ ကစားသမားတွေအတွက် သုံးစွဲခွင့်ရှိမှာပါ။ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေအတွင်းမှာ ရှိနေစေဖို့အတွက် ကစားသမားတစ်ဦးကို ဈေးကြီးကြီးနဲ့ ရောင်းထုတ်ဖို့ လိုအပ်နေပြီး၊ အသင်းတာဝန်ရှိသူတွေက မော်ဂန်ရော်ဂျာစ်ကို ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ရောင်းထုတ်သွားဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ နည်းပြ အူနိုင်းအမ်မရီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ လိုအပ်နေတဲ့ မြန်နှုန်းကို ဖြည့်ဆည်းဖို့အတွက် နယူးကာဆယ်က ဘန်းစ်ကို သူ့ရဲ့ အလိုရှိတဲ့ ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကတော့ လွန်ခဲ့တဲ့ ၃ နှစ်က အသက် ၂၈ နှစ်အရွယ် ဘန်းစ်ကို လက်စတာဆီကနေ ပေါင် ၃၈ သန်းနဲ့ ဝယ်ယူစဉ်က ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး အများစုကို ပြန်လည်ရရှိဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် အန်တိုနီဂေါ်ဒွန်က ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားနိုင်ခြေရှိတာကလည်း ဘန်းစ်အပေါ် ထားရှိတဲ့ နယူးကာဆယ်ရဲ့ သဘောထားကို ပြောင်းလဲသွားစေနိုင်ပါတယ်။
ဘန်းစ်ဟာ ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုးတွေအပါအဝင် ပြိုင်ပွဲစုံမှာ ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး အမ်မရီရဲ့ တိုက်စစ်ပိုင်းအတွက် မြန်နှုန်းနဲ့ ဂိုးသွင်းစွမ်းရည်တွေကို သိသိသာသာ အားဖြည့်ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နယူးကာဆယ်အနေနဲ့ အစားထိုးမယ့် ကစားသမားသစ်ကို အရင်မခေါ်ဘဲ ဘန်းစ်နဲ့ ဂေါ်ဒွန် နှစ်ယောက်လုံးကို ကစားသမားအပြောင်းအရွှေ့ကာလတစ်ခုတည်းမှာ ရောင်းထုတ်ပစ်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။