The network connection is lost.

Banner Image

အသင်းပိုင်ရှင်တွေထံ သတင်းစကားပါးလိုက်တဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က မန်စီးတီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ FA ဖလားပွဲစဉ်အပြီးမှာ အသင်းအတွက် "အဓိကအကျဆုံးအချက်က တည်ငြိမ်မှုရှိဖို့ပဲ" လို့ ပြောကြားခဲ့ပါတယ်။ ဒီရာသီဟာ ချဲလ်ဆီးအတွက် နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့ ရာသီတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဆိုးရွားတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ လန်ဒန်ကလပ်ဟာ ဒီပွဲမှာ အနိုင်ရလဒ်နဲ့ မျှော်လင့်ချက်အလင်းရောင်တစ်ခု ရနိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။

တင်းမာမှုတွေရှိခဲ့တဲ့ အဆိုပါပွဲစဉ်ရဲ့ မိနစ် ၇၂ မှာ အန်တွမ် ဆယ်မန်ယို သွင်းယူခဲ့တဲ့ နောက်ပေါက်ကန်ချက်ဟာ မန်စီးတီးအတွက် ဒီရာသီရဲ့ ဒုတိယမြောက် ဆုဖလားကို ရယူပေးနိုင်ဖို့ လုံလောက်ခဲ့ပါတယ်။

ပွဲအပြီး TNT Sports နဲ့ အင်တာဗျူးမှာတော့ ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျိမ်းစ်က နွေရာသီကာလကို မရောက်ခင် အသင်းမှာ ‘တည်ငြိမ်မှု’ တွေရှိဖို့ လိုအပ်နေပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ရှုံးသွားတဲ့အတွက် တကယ်ကို စိတ်ပျက်မိပါတယ်။ ပွဲကစားပုံကတော့ သိပ်ပြီး ကွာခြားမှုမရှိဘဲ နှစ်သင်းလုံး ခြေရည်တူပါပဲ။ သူတို့ကတော့ ရတဲ့ အခွင့်အရေးလေးတစ်ခုကို ဂိုးအဖြစ် အသုံးချသွားနိုင်ခဲ့တာပါ" လို့ သူက ဆိုပါတယ်။

"ရှုံးနိမ့်တဲ့အချိန်မှာ ဘယ်သူမှ မပျော်နိုင်ပါဘူး။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ပွဲတွေ တော်တော်များများ ရှုံးထားတော့ အခြေအနေက ခက်ခဲနေပါတယ်။ ကွင်းထဲကို ဆင်းလိုက်တိုင်း ကျွန်တော်တို့ရဲ့ ပစ်မှတ်က အမြဲတမ်း အနိုင်ရဖို့ပါပဲ"

အနာဂတ်မှာ ချဲလ်ဆီးအတွက် ဘာတွေလိုအပ်လဲဆိုတဲ့အပေါ် "ကျွန်တော်ထင်တာတော့ အဓိကအချက်က တည်ငြိမ်မှုပါပဲ။ ပြီးခဲ့တဲ့အပတ်က အန်ဖီးလ်မှာ ကစားတုန်းက ကျွန်တော်တို့ နိုင်သင့်ပေမဲ့ ဒီနေ့မှာတော့ ရှုံးသွားပြန်ပြီ။ ဒါဟာ ခက်ခဲတဲ့ အနေအထားပါ။ ကျွန်တော်တို့ သင်ယူရမှာတွေ အများကြီးရှိသလို ရှေ့ဆက်သွားဖို့လည်း ကြိုးစားရမှာပါ" လို့ ဂျိမ်းစ်က ပြောပါတယ်။

လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇာဘီအလွန်ဆိုဟာ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။