ဘောကန်ဖိနပ်ငှားရမ်းခဲ့ရတဲ့ ဘဝမှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတဲ့ ကိုင်စီဒိုရဲ့အံ့ဖွယ်ဘဝလမ်း
ကိုင်စီဒိုကတော့ ဇွဲနပဲကောင်းသူ တစ်ဦးပါ။ ငယ်ဘဝခက်ခဲမှုသက္ကရာဇ်တွေကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့တဲ့ အီကွေဒေါကြယ်ပွင့်က ၂၀၂၁ ခုနှစ်မှာ ဘရိုက်တန်အသင်းဆီ ရောက်ရှိလာခဲ့ပြီးနောက် ရင့်ကျက်မှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ချဲလ်ဆီးက သူ့ကို လီဗာပူးနဲ့ပြိုင်ဆိုင်ကာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းအထိ ပေးချေပြီး အမိအရခေါ်ယူခဲ့တာပါ။
အသက်-၂၁ နှစ်အရွယ်သာရှိသေးတဲ့ ကိုင်စီဒိုက မွေးရပ်မြေ ဆန်တာဒိုမင်းဂိုမှာပဲ ငယ်ဘဝအိပ်မက်တွေကို စတင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက ကိုင်စီဒိုဟာ စုတ်ပြတ်သတ်နေတဲ့ ဘောလုံးကွင်းတွေမှာ ဒေသခံအသင်းအတွက် ကစားပေးဖို့ ဘောကန်ဖိနပ်တွေ ငှားရမ်းသုံးစွဲခဲ့ရပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦး ဖြစ်လာဖို့ကသာ ကိုင်စီဒိုရဲ့ အိပ်မက်ဖြစ်ခဲ့ပါတယ်။ မွေးချင်းမောင်နှမ ၁၀ ဦးမှာ အငယ်ဆုံးဖြစ်တဲ့ ကိုင်စီဒိုမှာ သူ့ရဲ့မိသားစုဝင်တွေကို ထောက်ပံ့ပေးဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ဘ၀ ပေးစွမ်းနိုင်ဖို့ အိပ်မက်တစ်ခုလည်း ရှိနေခဲ့ပါတယ်။
လမ်းကြောင်းမှန်ပေါ် စတင်လျှောက်လှမ်းခြင်း
----------------------------------------------
ကိုင်စီဒိုရဲ့ဘောလုံးစွမ်းရည်တွေက Mujer Trabajadora မှာရှိတဲ့ ဘောလုံးသင်တန်းကျောင်းတစ်ခုမှာ စတင်ထင်ရှားလာပါတယ်။ ချက်ပ်ကျောင်းတစ်ခုရဲ့ရှေ့၊ စုတ်ပြတ်သတ်နေတဲ့ လမ်းတွေအကြား အိမ်တွေ ပတ်ချာလည်ဝိုင်းနေတဲ့ ဖုန်ထူထူဘောလုံးကွင်းတစ်ခုကို အဲ့ဒီဘောလုံးသင်တန်းကျောင်း ပိုင်ဆိုင်ထားပါတယ်။ ဒီဒေသမှာ ဆင်းရဲသားအများစုနေထိုင်ကြသလို ဒေသခံအတော်များများဟာ ဒုစရိုက်ဂိုဏ်းသားတွေ ဖြစ်လာလေ့ ရှိပါတယ်။ ဒါကြောင့် ဒီအရပ်မှာဆိုရင် လုယက်မှုလို ပြစ်မှုတွေ နေ့စဉ် ကြောက်ခမန်းလိလိ ဖြစ်ပွားနေတက်ပါတယ်။ ဒါပေမယ့် ကိုင်စီဒိုကတော့ အသက်ငါးနှစ်အရွယ်မှာပဲ သူ့ရဲ့ထက်မြက်မှုတွေကို ကောင်းကောင်းသိထားတဲ့ ဆရာရင်းဖြစ်သူ အိုင်ဗင်ဂယ်ရာနဲ့ တွေ့ဆုံခဲ့ရပါတယ်။
ဂယ်ရာက နည်းပြဘဝမစတင်မီ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ ဖြစ်ပါတယ်။ The Times သတင်းဌာနနဲ့တွေ့ဆုံချိန် ဂယ်ရာက “ကျွန်တော်တို့မှာ ဂိုးတိုင်မရှိခဲ့ဘူး။ ဒါကြောင့် လမ်းမပေါ်မှာ ကျောက်တုံးတွေ ချပြီး ကစားခဲ့တယ်။ တခါတရံမှာဆိုရင် ဖိနပ်မပါဘဲ ကစားခဲ့ကြတယ်။ ကိုင်စီဒိုရဲ့အရည်အသွေးတွေကိုလည်း ကျွန်တော်မြင်တွေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘောလုံးသင်တန်းကျောင်းမှာ တက်ရောက်ဖို့ သူ့ကို ကျွန်တော် ခေါ်သွားခဲ့ပါတယ်။ ကလေးတွေဘက်က အခကြေးငွေပေးရတယ်ဆိုပေမယ့် ငွေကြေးတက်နိုင်မှသာ ပေးရတာမျိုးပါ၊ မတက်နိုင်တဲ့ ကလေးတွေဆိုရင် မပေးရပါဘူး။ သူတို့မိသားစုကတော့ အရမ်းဆင်းရဲပါတယ်။ ကျွန်တော်တို့အသင်း တခြားမြို့တွေဆီ သွားရောက်ကစားချိန်တိုင်း ကိုင်စီဒိုက ဘတ်စ်ကားရဲ့ နောက်ဆုံးခုံမှာ အမြဲတမ်းစီးလေ့ ရှိပါတယ်။ သူက အိပ်စက်ရတာကို ကြိုက်တယ်လေ။ ဒါပေမယ့် တခါတရံမှာတော့ သူ့ဆီမှာ ဘတ်စ်ကားခ မပါလာတာမျိုးလည်း ဖြစ်တက်ပါတယ်။ ကျွန်တော်ပဲ စရိတ်ခံပေးမယ်၊ သွားကစားကြရအောင်ဆိုရင်လည်း သူ့ဆီမှာ ဘောကန်ဖိနပ်မရှိပြန်ပါဘူး။ တခါတရံမှာ သူငယ်ချင်းတွေက သူ့ကို ဘောလုံးကန်ဖိနပ် ငှားပေးရတယ် (ဒါမှမဟုတ်) ကျွန်တော်ကိုယ်တိုင်ကပဲ ကိုင်စီဒိုအတွက် ဘောလုံးကန်ဖိနပ် လိုက်ရှာပေးရပါတယ်။ ဒါပေမယ့် သူက အသင်းမှာ အကောင်းဆုံးကစားသမားပါ။ သူက ဘယ်တောင်ပံ၊ ညာတောင်ပံ၊ ကွင်းလယ် နေရာစုံကစားနိုင်ပါတယ်။ အသင်းရှုံးနေတဲ့အချိန်ဆိုရင် သူ့ကို တိုက်စစ်ပိုင်းဆီ ပို့ပေးလို့ ပြောဆိုပါလိမ့်မယ်။ ကိုင်စီဒိုက အသင်းအတွက် အမြဲတမ်းပါဝင်ပတ်သက်ဖို့ လိုလားနေတက်သူပါ”လို့ ပြောပြခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ် ရောက်ရှိလာချိန်
--------------------------------------------
ဆယ်ကျော်သက်အရွယ်ဆီ ချဉ်းကပ်ဝင်ရောက်လာတဲ့ ကိုင်စီဒိုအတွက် အခွင့်အရေးကောင်းတွေက စီးကြိုနေခဲ့ပါတယ်။
သူက မြို့ခံအသင်းဖြစ်တဲ့ ဆန်တာဒိုမီဂိုအတွက် ကစားပေးဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ မြို့ခံအပျော်တမ်းကလပ် Jaipadida နဲ့အဆက်အသွယ်ရှိတဲ့ အက်စ်ပိုလီအသင်းက ကိုင်စီဒိုကို သူတို့အတွက် ကစားပေးစေဖို့ ဆန္ဒရှိခဲ့ပြန်ပါတယ်။ ဒါပေမယ့် အက်စ်ပိုလီတန်းဆင်းသွားချိန်မှာတော့ အသင်းနှစ်ခုကြား ဆက်ဆံရေးဟာ ပြတ်တောက်သွားပါတယ်။
ကိုင်စီဒိုလည်း ဘောလုံးကြယ်ပွင့်ဖြစ်မလာတော့ဘဲ လမ်းခုလတ်မှာတင် လမ်းမမြင်ကမ်းမမြင်ဘဝဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူငယ်ချင်းတစ်ဦးရဲ့ မိဘက Jaipadida အပျော်တမ်းကလပ်ရဲ့ ဒါရိုက်တာ ဒါဝင်ကတ်စတယ်လ်လိုနဲ့ တိုင်ပင်ပြီး ကိုင်စီဒို ဘောလုံးကစားနိုင်ရေး အလှူငွေရှာဖွေဖို့ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ကိုင်စီဒိုကလည်း ဒီအစီအစဉ်ကို လက်ခံခဲ့ပါတယ်။
စတင်ချိန်မှာပဲ ကျရှုံးခြင်း
--------------------------
Jaipadida နဲ့ လေ့ကျင့်ရေးဆင်းနေချိန်မှာပဲ ကိုင်စီဒိုက ပရိုကလပ် မူရှူးရူနာအသင်းဆီမှာ ခြေစွမ်းစမ်းသပ်ခံခဲ့ပါတယ်။ ဒါပေမယ့် ကိုင်စီဒိုက အစားအသောက်ဝယ်စားဖို့ ပိုက်ဆံမရှိတာကြောင့် သီတင်းတစ်ပတ်အကြာမှာပဲ နေအိမ်ပြန်လွှတ်ခံခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ပရိုလိဂ်ကလပ်အသင်းဆီ ပြောင်းရွှေ့ခွင့်ရရှိမယ့် ကိုင်စီဒိုရဲ့အိပ်မက် အမှန်တကယ်ဖြစ်မြောက်လာခဲ့ပါတယ်။
အောင်မြင်တဲ့ခြေစွမ်းစမ်းသပ်မှုအစီအစဉ်အပြီးမှာ Independiente del Valle က သူ့ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် Jaipadida အပေါ်ထားရှိတဲ့ သူ့ရဲ့သစ္စာစောင့်သိမှုကလည်း ဆက်လက်တောက်လောက်နေဆဲပါ။ အီကွေဒေါထိပ်တန်းလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းအတွက် လက်မှတ်ရေးထိုးအပြီး ခြောက်လအကြာမှာ ကိုင်စီဒိုက သူ့ရဲ့အသင်းဟောင်းအတွက် ပြိုင်ပွဲတစ်ခုမှာ ပါဝင်ကစားပေးခဲ့ပါတယ်။
Independiente del Valle အကယ်ဒမီကစားသမားဘဝ
-----------------------------------------------
ကနဦးမှာတော့ ကိုင်စီဒိုက Independiente မှာ ခက်ခက်ခဲခဲစတင်ခဲ့ရပါတယ်။ ဒါက ဘောလုံးစွမ်းရည်နဲ့မဆိုင်ဘဲ ကစားသမားမှာ ဇွဲလုံ့လရှိ၊မရှိဆိုတဲ့ကိစ္စအပေါ် မူတည်ခဲ့ပါတယ်။ Independiente del Valle ဘောလုံးအကယ်ဒမီက အသက် ၁၁ နှစ်အရွယ်မှ ၁၈ နှစ်အရွယ်ရှိ လူငယ်လေးတွေအတွက် တောင်းဆိုမှုများစွာနဲ့ စည်းကမ်းသေဝပ်အောင် လုပ်ဆောင်လေ့ရှိပါတယ်။ ဒါက အီကွေဒေါလက်ရွေးစင်အသင်းအတွက် အနာဂတ်ကြယ်ပွင့်တွေ နေထိုင်၊ စားသောက်၊ လေ့ကျင့်၊ လေ့လာရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ Independiente del Valle ယူ-၁၆ အသင်းနည်းပြ ရိုဒရီဂွတ်ဇ်က ကိုင်စီဒိုအပေါ်မှာ သံသယတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ရိုဒရီဂွတ်ဇ်က “ဒီကိုရောက်ရှိလာတဲ့ ကလေးအများစုက အလွန်ဆင်းရဲတဲ့လူမှုဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူတွေ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ၊ ခိုးဆိုးလုယက်မှုတွေနဲ့ အကြမ်းဖက်မှုတွေက သူတို့ရဲ့နေ့စဉ်ဘ၀ အစိတ်အပိုင်းတစ်ခုပါပဲ။ အဲ့ဒီလိုကလေးတွေ Independiente ဆီ ရောက်ရှိလာချိန်မှာ သူတို့မှာ မမျှော်လင့်ထားတဲ့ စံပြပတ်ဝန်းကျင်တစ်ရပ် ရုတ်တရက်ဖြစ်တည်လာခဲ့ပါတယ်။ ဒီလိုစံပြပတ်ဝန်းကျင်တစ်ခုမှာ တစ်နေ့ကို ထမင်းသုံးနပ်စားပြီး စည်းကမ်းတကျလှုပ်ရှားနေထိုင်ရပါတယ်။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းရတာ တကယ့်ကို ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။ ကိုင်စီဒိုလည်း ထွက်ပြေးလုနီးပါးဖြစ်ခဲ့ပါတယ်။ သူဝမ်းနည်းနေခဲ့ပြီး နေသားတကျမရှိခဲ့ပါဘူး။ အိမ်ပဲပြန်ချင်နေတယ်။ ဒီကိုရောက်လာတဲ့ ကလေးအများစုက သူတို့ရဲ့အကျင့်တွေကို ကာကွယ်နိုင်ဖို့ ချက်ချင်းဆိုသလိုပဲ ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်တက်ကြပါတယ်။ ဒါပေမယ့် ကိုင်စီဒိုကတော့ အေးအေးဆေးနေတက်ပြီး ရှက်တက်တဲ့ကောင်လေးတစ်ယောက်ပါ။ ကျွန်တော်တို့အားလုံးလည်း သူ့ကို ကူညီပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျော်ဖြတ်နိုင်ခဲ့တာကတော့ သူကိုယ်တိုင်ပဲဖြစ်ပါတယ်။ တခါတုန်းက ကိုင်စီဒိုကိုယ်တိုင် သူ့အမေဆီဖုန်းဆက်ပြီး အိမ်ကိုပြန်လာခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ သူ့အမေက နင်ပြန်မလာနဲ့၊ နင် ဒီအဆင့်အထိရောက်လာအောင် အဝေးကြီးကနေ လာခဲ့ရပြီးပြီလို့ ပြန်ပြောခဲ့ပါတယ်”လို့ ပြောပါတယ်။
ချက်ချင်းတောက်ပလာတဲ့ ကစားသမား
-----------------------------------------
အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းဖို့ စိတ်ပိုင်းဖြတ်ပြီးချိန်မှာပဲ ကိုင်စီဒိုက ကိုပါလီဘာတေးဒိုးစ်ပြိုင်ပွဲအတွက် အသင်းရဲ့ ယူ-၂၀ ကစားသမားစာရင်းမှာ တောက်ပလာခဲ့ပါတယ်။ နောက်ခံလူတစ်ဦးအဖြစ် တောက်ပလာတဲ့ ကိုင်စီဒိုရဲ့ပုံစံကောင်းတွေကြောင့် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး နာမည်ကြီးရေဗားပလိတ်အသင်းကို ကျော်ဖြတ်ဗိုလ်စွဲခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဘရာဇီးထိပ်သီးကလပ် ဖလာမင်ဂိုကို ငါးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လှပတဲ့သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တဲ့ ကိုင်စီဒိုရဲ့အမည်ဟာ တောင်အမေရိကဘောလုံးရပ်ဝန်းဆီ အရှိန်ပြင်းပြင်း မြည်ဟိန်းထွက်ပေါ်လာပါတယ်။ ဒါကြောင့် ဂရေဟမ်ပေါ်တာရဲ့စီမံအုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဘရိုက်တန်အသင်းက မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ထက် လက်ဦးမှုရယူူကာ ကိုင်စီဒိုကို ပြောင်းရွှေ့ကြေးပေါင် ၄ ဒဿမ ၅ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသားကျလာပြီး ခြေစွမ်းပြလာတဲ့ ကိုင်စီဒိုကို ပိုချက်တီနိုရဲ့အသင်းက ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့ ငွေကြေးအမြောက်အများအကုန်အကျခံကာ ခေါ်ယူခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကိုင်စီဒိုဟာ သူ့ရဲ့ငယ်ဘဝဖြစ်တည်မှုတွေကို မေ့ပျောက်သွားဖို့ မရှိပါဘူး။