The network connection is lost.

Banner Image

အခုချက်ချင်းတာဝန်ယူပေးဖို့ ဒီဇာဘီကို နားချနိုင်ခဲ့မှုအတွက် တော့တင်ဟမ်အားကစားဒါရိုက်တာလန်ဂီ ဝမ်းသာနေ

တော့တင်ဟမ်အသင်းအားကစားဒါရိုက်တာဂျိုဟန်လန်ဂီက နည်းပြသစ်အဖြစ် ရော်ဘတ်တိုဒီဇာဘီကို ခန့်အပ်မှုအပေါ် ကြိုဆိုလိုက်ပါတယ်။

ဒီဇာဘီက နည်းပြလောကဆီ ပြန်ဝင်ဖို့အတွက် နွေရာသီအထိ စောင့်ဆိုင်းဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ လန်ဂီက သူ့ကို အခုချက်ချင်းတာဝန်ယူဖို့ အချိန်ယူနားချခဲ့ပြီးတဲ့နောက် အင်္ဂါနေ့မွန်းလွဲပိုင်းမှာတော့ အီတလီလူမျိုးနည်းပြကို တော့တင်ဟမ်အသင်းဆီ ခေါ်ယူနိုင်ခဲ့ပါတယ်။

မာဆေးလ်နဲ့ ဘရိုက်တန် နည်းပြဟောင်းနဲ့ ပတ်သက်ပြီး လန်ဂီက "ဒီဇာဘီက လာမယ့်နွေရာသီအတွက် ကျွန်တော်တို့ရဲ့နံပါတ်တစ် ပစ်မှတ်ပါ။ အခုလို အချိန်မျိုးမှာတင် သူ့ကိုခေါ်ယူနိုင်ခဲ့လို့ တကယ်ဝမ်းသာမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ကမ္ဘာ့ဘောလုံးလောကမှာ စိတ်ကူးသစ်တွေရှိပြီး အမြော်အမြင်အရှိဆုံးနည်းပြတွေအနက် ဒီဇာဘီ ပါဝင်ပါတယ်။ ပရီးမီးယားလိဂ်အတွေ့အကြုံ အပါအဝင် ထိပ်တန်းအဆင့်မှာ အတွေ့အကြုံတွေ အများကြီးရှိထားသူလည်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဒီဇာဘီက တော့တင်ဟမ်နဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တော့တင်ဟမ်က တန်းဆင်းဇုန်နဲ့ တစ်မှတ်သာကွာဟနေလို့ အီတာလျံလူမျိုးနည်းပြက "ကျွန်တော်တို့ရဲ့ လက်တလောအဓိကရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်ရပ်တည်မှုကို အထက်ကို ပြန်တက်သွားဖို့ပါပဲ။ ရာသီပိတ်ပွဲစဉ်ပြီးဆုံးချိန်အထိ ဒါကိုပဲ အပြည့်အဝအာရုံစိုက်သွားပါမယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် လေ့ကျင့်ရေးကွင်းဆီ မြန်မြန်ဆင်းပြီး ကစားသမားတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ စိတ်အားထက်သန်နေပါတယ်" လို့လည်း ဒီဇာဘီက ဆိုပါတယ်။