The network connection is lost.

Banner Image

နိုင်ငံတကာပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် အင်္ဂလန်ပရိသတ်တွေကို စိတ်အေးအေးထားကြဖို့ ဗီလာခံစစ်မှူး ကွန်ဆာ တိုက်တွန်း

ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း အင်္ဂလန်အသင်းက ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမဲ့ တကယ့်ပွဲစဉ်တွေ ရောက်လာတဲ့အခါ အရာအားလုံး အဆင်ပြေသွားမှာပါလို့ အက်စတွန်ဗီလာ ခံစစ်မှူး အက်ဇရီ ကွန်ဆာက ပရိသတ်တွေကို အာမခံ ပြောကြားလိုက်ပါတယ်။

နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အိမ်ကွင်းမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲ နှစ်ပွဲစလုံးမှာ ရလဒ်ပိုင်း အားနည်းခဲ့ပါတယ်။ အင်္ဂလန်ဟာ ဥရုဂွေးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့သလို ဂျပန်အသင်းကိုလည်း ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

"ဒါဟာ ကမ္ဘာပျက်သွားတာမျိုး မဟုတ်ပါဘူး" လို့ ကွန်ဆာက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ "ပြင်ပကနေ ဝေဖန်သံတွေကတော့ အမြဲတမ်း ရှိနေမှာပါ။ ကျွန်တော်တို့ အသင်းသားတွေကြားမှာ တစ်သားတည်း စည်းစည်းလုံးလုံး ရှိနေဖို့ပဲ အရေးကြီးပါတယ်။ အခုလည်း ကျွန်တော်တို့ အဲဒီလိုပဲ စုစုစည်းစည်း ရှိနေကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ကမ္ဘာ့ဖလား လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ သူ့ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့တော့ ကွန်ဆာက သတိထားပြီး ပြောဆိုခဲ့ပါတယ်။ "အသင်းမှာ ကျွန်တော့်နေရာက အသေအချာကြီး ရနေပြီလို့ မထင်ပါဘူး။ ဒါကို ပေါ့ပေါ့တန်တန်လည်း သဘောမထားပါဘူး။ ပိုကောင်းလာအောင် ဆက်ပြီး ကြိုးစားနေရဦးမှာပါ" လို့ ကွန်ဆာက ပြောပါတယ်။

ဒါ့အပြင် "အသင်းမှာ ပြိုင်ဆိုင်မှုတွေ အများကြီး ရှိသလို ထိပ်တန်း ခံစစ်မှူးတွေလည်း အများကြီးပါပဲ။ ဒါကြောင့် ကလပ်အသင်းကို ပြန်သွားတဲ့အခါ ကျန်ရှိနေတဲ့ (ရာသီကုန်ဖို့) နှစ်လတာ ကာလအတွင်းမှာ ခြေစွမ်းမှန်နေအောင် ကြိုးစားသွားရမှာပါ" လို့လည်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။