ချဲလ်ဆီးအသင်းမှာပဲ ဆက်ရှိသွားမယ့်အကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တဲ့ ကိုင်စီဒို
မွိုက်စ် ကိုင်စီဒိုက ချဲလ်ဆီးအသင်းအပေါ် သူဘယ်လောက်အထိ သစ္စာရှိတယ်ဆိုတာကို ကတိကဝတ်ပြု ပြောကြားလိုက်ပါတယ်။ ဒီအပတ်မှာ အီကွေဒေါလက်ရွေးစင်အသင်းနဲ့အတူ ရှိနေတဲ့ အဆိုပါကွင်းလယ်လူကို ဒေသတွင်း သတင်းထောက်တွေက စတန်းဖို့ဒ်ဘရစ်ချ်မှာရှိတဲ့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြတာပါ။
အသင်းပြောင်းဖို့ ရှိ၊ မရှိ မေးမြန်းမှုအပေါ် ကိုင်စီဒိုက “ကျွန်တော် ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်တစ်ယောက် ဖြစ်လာချင်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ကျွန်တော့်မှာ ချဲလ်ဆီးနဲ့ စာချုပ်ရှိနေပါတယ်၊ အခုအချိန်မှာတော့ ချဲလ်ဆီးနဲ့ အီကွေဒေါအသင်းအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်” လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက “ကိုင်စီဒိုဟာ ချဲလ်ဆီးရဲ့ စီမံကိန်းမှာ ပါဝင်ခွင့်ရဖို့ တကယ်ကို ဆန္ဒရှိနေတာပါ” လို့ ဒီကနေ့မနက်မှာပဲ သူ့ရဲ့ YouTube channel ကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ “သူဟာ ချဲလ်ဆီးပရိသတ်တွေနဲ့ အသင်းသားတွေရဲ့ ချစ်ခြင်းမေတ္တာကို တကယ်ခံစားနေရတာကြောင့် အသင်းနဲ့ကြားမှာ ကောင်းမွန်တဲ့ ပတ်သက်မှုတစ်ခု ရှိနေပါတယ်။ အခုရာသီက သူ့အတွက် လွယ်ကူတဲ့ရာသီတစ်ခု မဟုတ်ခဲ့ပေမဲ့ ကိုင်စီဒိုကတော့ အသင်းရဲ့ စီမံကိန်းအပေါ် ယုံကြည်မှု ရှိနေဆဲပါပဲ” လို့ ရိုမာနိုက ဆိုပါတယ်။
ဒါ့အပြင် ရိုမာနိုက “ကိုင်စီဒိုဟာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ဖူးတာကို မမေ့ပါနဲ့၊ ဒါပေမဲ့ ချဲလ်ဆီးမှာ သူလုပ်ဆောင်ရမယ့်အရာတွေနဲ့ အောင်နိုင်မှုတွေ အများကြီး ကျန်နေသေးတယ်လို့ သူ ခံစားနေရတုန်းပါပဲ။ သူဟာ ချဲလ်ဆီးရဲ့ ဂန္ထဝင်တစ်ယောက် ဖြစ်လာချင်နေတာပါ၊ ဒါက သူ့ရဲ့ ကိုယ်တိုင်ပြောတဲ့ စကားပဲ ဖြစ်ပါတယ်” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။