ယူနိုက်တက်နောက်ခံလူ မက်ဂွါရီကို အရေးယူမယ်လို့ အက်ဖ်အေ ထုတ်ပြန်
ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီဟာ ဘုန်းမောက်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ပြ အထုတ်ခံရပြီးနောက်မှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ စွဲချက်တင်မှုကို ခံလိုက်ရပါတယ်။ အဲ့ဒီညက အနီကတ်ပြခံရတဲ့အပေါ် မက်ဂွါရီ တုံ့ပြန်ခဲ့တဲ့ပုံစံတွေနဲ့ ပတ်သက်ပြီး အက်ဖ်အေက အခုလို အရေးယူဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
မက်ဂွါရီဟာ ဘုန်းမောက်တိုက်စစ်မှူး ဧဝါနီလ်ဆင်ကို လူကျူးလွန်ခဲ့တာကြောင့် VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် ပင်နယ်တီပေးခံခဲ့ရသလို သူကိုယ်တိုင်လည်း အနီကတ်ပြခံခဲ့ရတာပါ။ အဲ့ဒီဆုံးဖြတ်ချက်အပေါ် မက်ဂွါရီက အလွန်အမင်း ဒေါသထွက်ခဲ့ပြီး ကွင်းလယ်ဒိုင် စတူးဝပ် အက်ဒ်ဝဲလ်ရော၊ စတုတ္ထဒိုင်ဖြစ်သူ မတ်ဒိုနိုဟူးကိုပါ သွားရောက်ရင်ဆိုင် အငြင်းပွားခဲ့ပါတယ်။
အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာတော့ "မတ်လ ၂၀ ရက်နေ့က ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၇၈ မိနစ်မှာ အနီကတ်နဲ့ အထုတ်ခံခဲ့ရတဲ့ ဟယ်ရီမက်ဂွါရီကို စွဲချက်တင်ထားပါတယ်။ အနီကတ်ပြခံရပြီးနောက်မှာ မက်ဂွါရီဟာ စတုတ္ထဒိုင်အပေါ် မလျော်ကန်တဲ့ အပြုအမူတွေ ဒါမှမဟုတ် ရိုင်းစိုင်းစော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တယ်လို့ ယူဆရပါတယ်။ မက်ဂွါရီအနေနဲ့ ဒီစွဲချက်အပေါ် ဧပြီလ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ဖြေရှင်းချက် ပေးရပါမယ်" လို့ ဖော်ပြထားပါတယ်။
မက်ဂွါရီဟာ ဧပြီလ ၁၃ ရက်နေ့မှာ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်ကို တစ်ပွဲပွဲပယ်ပြစ်ဒဏ် ခံယူရမှာဖြစ်ပေမဲ့ အခုအက်ဖ်အေရဲ့ စွဲချက်ကြောင့် ပွဲပယ်ပြစ်ဒဏ်ဟာ ဒီထက် ပိုမိုများပြားလာနိုင်ပါတယ်။