The network connection is lost.

Banner Image

ကွန်မြူနတီဒိုင်းပွဲစဉ်ကို ပြင်ဆင်မှုတွေအပြီးသတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ အန်းစလော့ရှုမြင်

အန်းစလော့က မနက်ဖြန်(တနင်္ဂနွေနေ့)၊ ကွန်မြူနတီဒိုင်းပွဲစဉ်ကို လီဗာပူးအသင်းရဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက်ပြင်ဆင်မှုတွေ အပြီးသတ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းလို့ ရှုမြင်နေပါတယ်။ ဘောလုံးရာသီသစ်စတင်ချိန်တိုင်း အထိမ်းအမှတ်တစ်ခုအဖြစ် ဝင်ဘာလေကွင်းမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲစဉ်အတွင်း လီဗာပူးက အက်ဖ်အေဖလားချန်ပီယံခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်သွားရပါမယ်။ အန်းစလော့ရဲ့အသင်းက ယမန်နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကြီးကိုင်မြှောက်နိုင်ခဲ့ခြင်းကြောင့် အမျိုးသားအဆင့်အားကစားကွင်းကြီးမှာ ကစားရမယ့်အခွင့်ထူးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

လီဗာပူးနည်းပြက “ အင်္ဂလန်ဘောလုံးလောကကို တသက်လုံးစောင့်ကြည့်လာတဲ့ ကျွန်တော့်အတွက် ဝင်ဘာလေကွင်းမှာကစားရမယ့်ပွဲစဉ်က ဘယ်လောက်အထိ ထူးရှယ်ဖြစ်သလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြတစ်ဦးအဖြစ် ဒီကွင်းကြီးရဲ့အရသာကို မြည်းစမ်းဖို့ အခွင့်အလမ်းတစ်ရပ် ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်အသင်းနဲ့အတူ ဒီကွင်းကြီးဆီ ပြန်လာနိုင်မယ့် အခွင့်အလမ်းတစ်ရပ်ကို အမြဲတမ်းစောင့်မျှော်နေခဲ့ပါတယ်။

ကျွန်တော့်အတွက်တော့ ဒါက ဘောလုံးရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေကို အပြီးသတ်နိုင်ဖို့ အကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။ နည်းပြတစ်ဦးအဖြစ် ဒီလိုကာလမျိုးမှာ လေ့ကျင့်ရေးကွင်းအတွင်း ကောင်းမွန်တဲ့အလုပ်တွေ လုပ်သွားနိုင်ဖို့၊ စိန်ခေါ်မှုရှိပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲစဉ်တွေ ရရှိဖို့နဲ့ ဒဏ်ရာပြဿနာတွေကင်းဝေးအောင် ထိန်းကျောင်းသွားဖို့ဆိုတဲ့ ကိစ္စသုံးခုကို လိုချင်ကြပါတယ်။ အမှန်ပါပဲ၊ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အောင်မြင်ခဲ့တယ်ဆိုတာကို သိပါတယ်။ လွန်ခဲ့တဲ့ ၁၂ လတာကာလအတွင်း ချမှတ်ထားခဲ့တဲ့ စံနှုန်းတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့လည်း အရေးကြီးပါတယ်”လို့ ပြောပါတယ်။

ဂလက်စ်နာရဲ့ခရစ္စတယ်ပဲလေ့စ်က အသင်းသမိုင်းတလျှောက်ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ဖို့နဲ့ အခုသီတင်းပတ်ကုန်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် မန်စီးတီးကို အက်ဖ်အေဖလားဖိုင်နယ်မှာ အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။ အန်းစလော့က “ ခရစ္စတယ်ပဲလေ့စ်ဆိုတာ ကျွန်တော်တို့အတွက် အမြဲလိုလိုအခက်တွေ့စေတဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။ သူတို့ဆီမှာ ကစားသမားကောင်းတွေရှိသလို ဘယ်လိုပုံစံကစားရမယ်ဆိုတာ ကောင်းကောင်းသိနေတဲ့ နည်းပြကောင်းတစ်ဦးလည်း ရှိပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဒီကွင်းကြီးမှာ မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလားချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဒါက အထင်ကြီးစရာ ကောင်းလွန်းပါတယ်။ ဒီအတွက် အသိအမှတ်ပြုမှုတွေနဲ့ အများကြီးထိုက်တန်ပါတယ်”လို့ ဆိုပါတယ်။