အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲဖို့ မရှိဘူးလို့ အန်းစလော့ အခိုင်အမာပြောကြား
လီဗာပူးနည်းပြအန်းစလော့က အခုနွေရာသီအတွက် သူတို့ရဲ့ကစားသမားသစ်ခေါ်ယူရေးအစီအစဉ် အပြောင်းအလဲမရှိဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အန်းစလော့က အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်တွေကိုယ်တိုင် သွင်းဂိုးရရှိဖို့ တည်ကန်ဘော (set-pieces)တွေအပေါ် အလွန်အမင်းအားကိုးအားထားပြုနေခြင်းကို စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပေမဲ့ ဒါဟာ အပြောင်းအရွှေ့စျေးကွက်ချဉ်းကပ်မှုပုံစံအပေး မသက်ရောက်စေနိုင်ဘူးလို့ ဆိုပါတယ်။
"ကျွန်တော်တို့မှာ ကိုယ်ပိုင်ပုံစံ(model) ရှိပါတယ်။ အကြိမ်ကြိမ်ပြောခဲ့ဖူးသလိုပဲ ကျွန်တော်တို့ရဲ့ မူဝါဒက လူငယ်ကစားသမားတွေကိုသာခေါ်ယူဖို့ ဖြစ်ပါတယ်။" လို့ စလော့က ပြောပါတယ်။
"ပရီးမီးယားလိဂ်အတွေ့အကြုံရှိ အသက် ၂၇ နှစ်ဝန်းကျင်၊ ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးအဆင့်ဆီ ရောက်နေတဲ့ ကစားသမားတွေကို ခေါ်ယူမှုထက်စာရင် လူငယ်ကစားသမားတွေမှာ ဒီလိဂ်နဲ့အသားကျဖို့ ပိုပြီးအချိန်ယူရတယ်ဆိုတာ သဘာ၀ကျပါတယ်။"
"ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့မူဝါဒကို ဆုပ်ကိုင်ထားရတဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကစားသမားတွေ ပိုပြီးတိုးတက်လာနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်။ ဒီကလပ်အသင်းက လွန်ခဲ့တဲ့ ၅ နှစ်မှာရော၊ ပြီးခဲ့တဲ့ရာသီမှာပါ ဒီမူဝါဒနဲ့ပဲ အောင်မြင်မှုတွေ ရနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။"
ဆက်လက်ပြီး စလော့က "အသင်းတစ်သင်းကို ပြန်လည်တည်ဆောက်တာ ဒါမှမဟုတ် အပြောင်းအလဲကာလတစ်ခုကို ဖြတ်ကျော်တာက အချိန်ယူရပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာလည်း ကျွန်တော်တို့ ဒါကိုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ လိဂ်ရဲ့အခြေအနေက အခုလိုမျိုးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ပြီးခဲ့တဲ့ရာသီအခြေအနေတွေက ဒီလောက်အထိ အစွန်းမရောက်ခဲ့လို့ ဒါကို ကြိုသိဖို့လည်း မဖြစ်နိုင်ခဲ့ပါဘူး။"
"ပုံမှန်ဖြစ်လေ့ရှိတဲ့ အရာပါပဲ။ နယ်ပယ်တစ်ခုမှာ အသင်းတစ်ခုအောင်မြင်သွားပြီဆိုရင် တခြားအသင်းတွေက ပုံစံတူလိုက်ကစားကြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်က လူတော်တော်များများ ဘာစီလိုနာလို ကစားချင်ခဲ့ကြသလိုပေါ့။"
"ကမ္ဘာ့ဖလားချန်ပီယံအသင်းကို ကောင်းမွန်တဲ့ ကစားကွက်ရှိဖို့၊ တခြားအကြောင်းပြချက်တွေကြောင့် မဟုတ်ဘဲ ပုံမှန်ကစားကွက် (open play)မှတဆင့် ဂိုးတွေ ဆက်တိုက်သွင်းပြီး ဗိုလ်စွဲတာမျိုးပဲ ဖြစ်စေချင်ပါတယ်။"
"ပရီးမီးယားလိဂ်ဆိုတာ တကယ်ကို အားကောင်းတဲ့လိဂ်ပါ။ အထူးသဖြင့် ရာသီအစပိုင်းမှာ ဘောလုံးရတိုင်း အရှေ့ကိုပဲ ကန်တင်နေကြပြီး ကျွန်တော်တို့နဲ့ ကစားတဲ့အခါမှာ ပိုပြီးသိသာပါတယ်။ အခုတော့ အဲဒီအခြေအနေက နည်းနည်းတော့ ပြန်ငြိမ်သွားပြီလို့ ထင်ပါတယ်။ ပထမ ၁၀ ပွဲလောက်တုန်းကတော့ အဝေးဘောတွေ ကန်တင်ပြီး တိုက်စစ်တိုက်ရိုက်ကစားတဲ့ပုံစံ (direct style) တွေချည်းပါပဲ" လို့ ပြောကြားခဲ့ပါတယ်။