The network connection is lost.

Banner Image

အက်ဖ်အေဖလားနိုင်ပွဲကို အသင်းအတွက် အမှန်တကယ်လိုအပ်နေတဲ့အရာလို့ တင်စားလိုက်တဲ့ ဝက်စ်ဟမ်းကပ္ပတိန်ဘိုဝင်

ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်က FA ဖလားကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာနိုင်မှုကြောင့် အသင်းရဲ့စိတ်ဓါတ်ပိုင်းအတွက် ခွန်အားတစ်ရပ် ဖြစ်စေတယ်လို့ ပြောပါတယ်။

မနေ့ညပိုင်း၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ ဘိုဝင်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအီဂေါသီယာဂိုတို့ အပြန်အလှန်ဂိုးတွေသွင်းယူပြီး အချိန်ပိုပွဲချိန်မိနစ်တွေအပြီး တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဘရန့်ဖို့ဒ်ကစားသမားအူယက်တာရာရဲ့ပင်နယ်ကာ(Panenka)ကန်ချက် လွဲချော်ခဲ့လို့ ဝက်စ်ဟမ်းတို့ ၅-၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ပွဲစဉ်အပြီး ဘိုဝင်က "ဒါဟာ ကျွန်တော်တို့ တကယ်လိုအပ်နေတဲ့ အားတက်စရာ ပြန်လည်ရုန်းထန်နိုင်မှု တစ်ခုပါပဲ။ ကျွန်တော်တို့အတွက် ရာသီတစ်ခုလုံးရဲ့ အပြောင်းအလဲဖြစ်စေခဲ့တဲ့ QPR နဲ့ ပွဲတုန်းကလိုမျိုးပါပဲ၊ အချိန်ပိုမှာ အနိုင်ရခဲ့ပြီးနောက်ပိုင်း တော့တင်ဟမ်၊ ဆန်းဒါးလန်းတို့နဲ့ ပွဲတွေမှာလည်း ဆက်တိုက်အနိုင်ရခဲ့ပါတယ်။"

"တစ်ခါတလေမှာ ဒီလိုပွဲမျိုးက ရာသီတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်ပြီး အခုဆိုရင် ကျွန်တော်တို့ အချိန်နဲ့အမျှ ပိုကောင်းလာနေပါပြီ။"

"ဒီညမှာလည်း ကစားရခက်တဲ့ ပြိုင်ဘက်နဲ့တွေ့ခဲ့ပြီး ပင်နယ်တီအထိ ရောက်သွားခဲ့ပေမယ့် ပွဲအပြီးမှာတော့ ကစားသမားတွေရော၊ ပရိသတ်တွေပါ အားလုံး ပျော်ရွှင်နေကြတာကို မြင်ရပါလိမ့်မယ်။ ဒါဟာ ဒီရာသီမှာ ကျွန်တော်တို့ ကလပ်အသင်း လိုအပ်နေခဲ့တဲ့ ပျော်ရွှင်မှုမျိုးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ဂိုးတွေသွင်းပြီး စံပြခေါင်းဆောင်တစ်ဦးအဖြစ် ခြေစွမ်းပြနေမှုနဲ့ပတ်သက်လို့ ဘိုဝင်က "ကျွန်တော် ဂိုးသွင်းရတာကို နှစ်သက်သလို ဒီကလပ်ရဲ့ အသင်းခေါင်းဆောင်ဖြစ်ရတာကိုလည်း ဂုဏ်ယူပါတယ်။ ဒီရာသီက မလွယ်ကူခဲ့ပါဘူး၊ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေတဲ့အတွက် မေးခွန်းတွေ အမေးခံရမှာပဲ၊ ဒါကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကျွန်တော် အကောင်းဆုံးမလုပ်နိုင်ခဲ့တာမျိုး ရှိနိုင်ပေမယ့် ဒီအခြေအနေတွေအောက်မှာ ဘယ်တော့မှထွက်မပြေးခဲ့ပါဘူး။"

"ကျွန်တော်က အမြဲတမ်းတာဝန်ယူစိတ်နဲ့ အစွမ်းကုန်ကြိုးစားပါတယ်။ ဂိုးတွေ ရလာလိမ့်မယ်ဆိုတာကိုလည်း သိထားပြီးသားပါ။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီညမှာ နှစ်ဂိုးသွင်းနိုင်ခဲ့သလို အသင်းအနိုင်ရအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။