ရလဒ်တွေဆိုးရွားနေချိန် နည်းပြဂလက်စ်နာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားတဲ့ ခရစ္စတယ်ပဲလေ့စ်
အသင်းရဲ့ရလဒ်ပိုင်းဆက်တိုက်ဆိုးရွားနေလို့ နည်းပြအိုလီဗာဂလက်စ်နာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ယူရိုပါကွန်ဖရန့်လိဂ်ပွဲစဉ်မှာ ဇရင်စကီးမိုစတာအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီးနောက် တောင်လန်ဒန်အခြေစိုက်ကလပ်အသင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိတဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။
နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ခရစ္စတယ်ပဲလေ့စ်က ဂလက်စ်နာရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကာ သူ့ကို အသင်းမှာ ဆက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီရာသီကုန်မှာတော့ ဂလက်စ်နာကိုယ်တိုင် အသင်းမှထွက်ခွာသွားဖို့ရှိနေပြီး ဒီအချက်ကို အသင်းရော၊ နည်းပြကိုယ်တိုင်ပါ အတည်ပြုထားပါတယ်။