ဂလက်စနာရဲ့ နေရာကို ဆက်ခံဖို့ ပဲလေ့စ်ဘုတ်အဖွဲ့က သဘောကျနေတဲ့ သောမက်စ်ဖရန့်ခ် အဆင်သင့်ဖြစ်နေ
အိုလီဗာ ဂလက်စနာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ လျာထားစာရင်းမှာ စပါးနည်းပြဟောင်း သောမက်စ်ဖရန့်ခ်က ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။
ဂလက်စနာဟာ အခုရာသီကုန်လို့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ပဲလေ့စ်အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။
The Sun သတင်းစာရဲ့ ဖော်ပြချက်အရ သြစတြီးယားလူမျိုး ဂလက်စနာရဲ့ နေရာကို ဆက်ခံဖို့အတွက် အခုအခါမှာ သောမက်စ်ဖရန့်ခ်ဟာ အဖြစ်နိုင်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။
ပဲလေ့စ်အသင်းနဲ့ ဂလက်စနာတို့ဟာ ရာသီကုန်အထိ အတူတူ ဆက်လက်လက်တွဲသွားဖို့ အဆင်ပြေနေကြပေမဲ့ သောမက်စ်ဖရန့်ခ်ကတော့ အခုချက်ချင်းပဲ အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေတာပါ။
နည်းပြရာထူးက ဘယ်အချိန်မှာပဲ လစ်လပ်သွားပါစေ၊ ဆဲလ်ဟတ်စ်ပတ်ခ် (ပဲလေ့စ်ကွင်း) ဆီ ပြောင်းရွှေ့ဖို့ကို သူက ကြိုဆိုသွားမှာဖြစ်ကြောင်း သောမက်စ်ဖရန့်ခ်က အသိပေးထားပါတယ်။