အက်ဖ်အေဖလားပြိုင်ပွဲမှာ ဘရန့်ဖို့ဒ်ကိုကျော်ဖြတ်နိုင်ခဲ့လို့ အတိုင်းမသိဝမ်းသာပီတိဖြစ်နေတဲ့ နူနိုဆန်းတို့စ်
အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်မှာ ဘရန်ဖို့ဒ်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီးနောက် ဝက်စ်ဟမ်းနည်းပြနူနိုဆန်းတို့စ်က သူ့ရဲ့ ဝမ်းသာပီတိဖြစ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်နဲ့ ဘရန်ဖို့ဒ်တိုက်စစ်မှူးအီဂေါသီယာဂိုတို့ရဲ့အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အချိန်ပိုပွဲချိန်မိနစ်တွေအပြီး တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ဘရန်ဖို့ဒ်ကစားသမားအူယက်တာရာရဲ့ပင်နယ်ကာ(Panenka)ကန်ချက် ဂိုးမဝင်ခဲ့လို့ ဝက်စ်ဟမ်းက ၅-၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။
ပွဲအပြီးမှာ နူနိုဆန်းတို့စ်က "ကျွန်တော်တို့ ရည်မှန်းထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့လို့ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကလည်း တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ လန်ဒန်ကွင်းကြီးရဲ့အားပေးမှုက ကျွန်တော်တို့ကို အများကြီးအထောက်အကူဖြစ်စေခဲ့ပြီး ပရိသတ်တွေကို အခုလိုပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တာ ထိုက်တန်တယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့ ပွဲကို ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ကစားရတာ တကယ့်ကိုခက်ခဲခဲ့ပြီး ဘရန်ဖို့ဒ်ဆိုတာလည်း အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ပွဲကို အပြတ်သတ်နိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် နောက်ဆုံးပေးပို့မှု ဒါမှမဟုတ် ပေါင်းစပ်မှုတွေမှာ လွဲချော်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘရန်ဖို့ဒ်ရဲ့တန်ပြန်တိုက်စစ်ကို ခွင့်ပြုလိုက်ရလို့ အချိန်ပို ၃၀ မိနစ်နဲ့ ပယ်နယ်တီအဆုံးအဖြတ်အထိ ဆက်ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ တုံ့ပြန်မှုက ကောင်းမွန်ခဲ့ပြီး လူစားဝင်လာတဲ့ ကစားသမားတွေကလည်း အများကြီး အကူအညီဖြစ်ခဲ့လို့ ဒါဟာ အပေါင်းလက္ခဏာဆောင်ပါတယ်" လို့ ဆိုပါတယ်။
"FA ဖလားက ကစားသမားတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွစေသလို လူတိုင်းလည်းကစားခွင့်ရမယ်ဆိုတာ သိတဲ့အတွက် အမြဲတမ်းအသင့်ဖြစ်နေစေပါတယ်။ တစ်ပတ်တာလေ့ကျင့်ခန်းတွေမှာ ကစားသမားတော်တော်များများ ကြိုးစားကြပေမယ့် ပွဲစဉ်တွေမှာ ပြန်ပြီး အခွင့်အရေးမပေးနိုင်တာမျိုးက တစ်ခါတလေ သူတို့အတွက် မတရားသလို ဖြစ်နေတတ်ပါတယ်။ အခုလို လိဂ်ပွဲတွေအပြင် FA ဖလားကိုပါ ယှဉ်ပြိုင်နေရတာက ကစားသမားတွေ ပိုမို ကြိုးစားလာဖို့နဲ့ အပြိုင်အဆိုင်ရှိလာဖို့ ကူညီပေးသလို ကျွန်တော်တို့အတွက်လည်း ကစားသမားအားလုံးကို လိုအပ်ပါတယ်" လို့ ဆက်ပြောပါတယ်။
ဆမ်မာဗီလီရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ နူနိုဆန်းတို့စ်က "သူ့ဒဏ်ရာကို စစ်ဆေးရပါဦးမယ်။ သူ့ဆီမှာ ထိခိုက်မှုတစ်ခုရှိသွားပါတယ်။ ဒဏ်ရာ ဘယ်လောက်အထိ ပြင်းထန်မလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ စိုးရိမ်စရာရှိပေမယ့် အခုလိုအောင်ပွဲခံနေချိန်မှာ မြန်မြန်ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အရင်ထက် ပိုကောင်းအောင်၊ ပိုမြန်အောင် ပြင်ဆင်ပြီး မန်စီးတီးနဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားပါမယ်" လို့ ဆိုပါတယ်။
"အခုအောင်ပွဲအတွက် နာရီအနည်းငယ်လောက်ပျော်လိုက်ကြပြီးရင်တော့ ပြန်ပြီး အာရုံစိုက်သွားရပါမယ်။ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ပြီး ပြန်အားဖြည့်ရပါမယ်။ ကစားသမားတော်တော်များများက အစွမ်းကုန်ကြိုးစားခဲ့ကြတာပါ။ ပြီးရင်တော့ ကျွန်တော်တို့ ရှေ့ဆက်ရပါဦးမယ်" လို့ နူနိုဆန်းတို့စ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။