The network connection is lost.

Banner Image

လီဗာပူးအတွက် ဗဟိုခံစစ်မှူးအသစ် မလိုအပ်ပါဘူးလို့ ရှင်းပြလိုက်တဲ့ အန်းစလော့

ပရီးမီးယားလိဂ်သရဖူကိုကာကွယ်ဖို့ ပြင်ဆင်နေချိန်မှာပဲ လီဗာပူးအသင်းရဲ့ဗဟိုခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတယ်ဆိုတဲ့ အယူအဆကို နည်းပြအန်းစလော့က ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ ဟောင်ကောင်မှာ အေစီမီလန်ကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အပြီး အန်းစလော့က အခုလိုပဲ မှတ်ချက်ပေးသွားခဲ့တာပါ။ အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ကြိုးကြာနီတွေရဲ့ ဗဟိုခံစစ်ပိုင်းကို ဗန်ဒိုက်နဲ့ ဂရာဗန်ဘတ်ချ်တို့က တာဝန်ယူခဲ့ပြီး ဒုတိယပိုင်းမှာတော့ ကိုနာတေးနဲ့ ဆီမီကတ်စ်တို့က တာဝန်ယူခဲ့ပါတယ်။ ဒါကြောင့်ပဲ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ လီဗာပူးရဲ့ဗဟိုခံစစ်ပိုင်း အင်အားတောင့်တင်းမှုအခြေအနေအပေါ် မေးခွန်းထုတ်မှုတွေ သိသိသာသာထွက်ပေါ်လာခဲ့ပါတယ်။ အန်းစလော့ကတော့ ဗဟိုခံစစ်ပိုင်းမှာ ဂရာဗန်ဘတ်ချ် ကစားနိုင်စွမ်းရှိနေတယ်ဆိုတာကို သက်သေပြခဲ့သလို လိုအပ်လာရင် အန်ဒိုလည်း ဒီအခန်းကဏ္ဍမှာ ပါဝင်လာနိုင်တယ်လို့ ရှင်းပြသွားပါတယ်။

တဖက်မှာလည်း ဒတ်ချ်လူမျိုးနည်းပြက စီနီယာအဆင့်အတွေ့အကြုံရရှိစေရေးအတွက် အခုနွေရာသီအစောပိုင်းမှာ လေဗာကူဆင်ဆီထွက်ခွာခွင့်ပေးခဲ့တဲ့ အကယ်ဒမီထုတ်ကုန် ကွင်ဆာရဲ့နေရာကို ကလပ်အသင်းအနေဖြင့် မဖြည့်ဆည်းနိုင်သေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ အခုရာသီကြိုခရီးစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ ဖနောင့်ဒဏ်ရာရရှိနေတဲ့ ဂျိုးဂိုးမက်ဇ်ပါဝင်လာခဲ့ပြီး သူ့ရဲ့ဒဏ်ရာကို အန်းစလော့က အသေးစားဒဏ်ရာအဖြစ်သာ သတ်မှတ်ထားခဲ့ပါတယ်။

အန်းစလော့က “ အသင်းဗဟိုခံစစ်ပိုင်းအတွက် စိုးရိမ်စရာတစ်ခုရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ လူစာရင်းပိုင်းလား? စကားမဆက်… ဒီနေ့မှာဆိုရင် ဂရာဗန်ဘတ်ချ်က ဗဟိုခံစစ်ပိုင်းအတွက် ကစားနိုင်စွမ်းရှိတယ်ဆိုတာ ပြသသွားခဲ့တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း သူက ဗဟိုခံစစ်ပိုင်းမှာ ကောင်းကောင်းကစားပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက သူ့ကို No.6 Role မှာပဲ ကစားစေချင်ပါတယ်။ အန်ဒိုလည်း ဗဟိုခံစစ်မှူးနေရာမှာ ကစားနိုင်ပါတယ်။ ဂျိုးဂိုးမက်ဇ်မှာလည်း အသေးစားဒဏ်ရာအခြေအနေတစ်ခုလောက်ပဲ ရှိတာပါ။ သူလည်း ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အတွက် အကောင်းဆုံးကစားပေးခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ရွေးချယ်စရာ လုံလုံလောက်လောက် ရှိပါတယ်။ ဒါပေမဲ့ ကွင်ဆာရဲ့နေရာကို အစားမထိုးနိုင်သေးဘူးဆိုတာလည်း မှန်ကန်ပါတယ်”လို့ ပြောပါတယ်။

အန်ဖီးလ်ကလပ်က အခုနွေရာသီကာလအတွင်း တိုက်စစ်အားသန်နောက်ခံအစွန်လူတွေဖြစ်တဲ့ ကာကက်ဇ်၊ ဖရင်းပေါင်တို့အပြင် ဖလော်ရီယန်ဝစ်ဇ်နဲ့ အီကီတီကီတို့လို တိုက်စစ်ကြယ်ပွင့်တွေကို ခေါ်ယူထားပါတယ်။ ဒါပေမဲ့ သူတို့တွေက အသင်းရဲ့ပင်မကျောရိုးကိုတော့ ပြင်ဆင်မှုအနည်းငယ်သာ ပြုလုပ်ထားပါတယ်။ ကွင်ဆာထွက်ခွာမှုနဲ့ ဂိုးမက်ဇ်ရဲ့ကာလရှည်ဒဏ်ရာမကြာခဏရရှိမှုတို့ကြောင့် ဒီဆုံးဖြတ်ချက်က ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးခရီးလမ်းမှာ ကူညီပေးနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။