ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လီဗာပူးရဲ့နောက်ဆုံးရဒဏ်ရာအခြေအနေကို မျှဝေပေးလာတဲ့ အန်းစလော့
အန်းစလော့က အက်စတွန်ဗီလာကိုဧည့်ခံကစားရမယ့်ပွဲစဉ်မှာ လီဗာပူးအတွက် ဂရာဗန်ဘတ်ချ် ပါဝင်လာနိုင်တယ်လို့ ပြောဆိုခဲ့ပြီး ဗုဒ္ဓဟူးညပိုင်း၊ ကာရာဘောင်ဖလားပြိုင်ပွဲမှထွက်ခွာလာရမှုကြောင့် စနေနေ့ပွဲစဉ်အတွက် ဖိအားတွေ ပိုမိုများပြားလာပြီဆိုတဲ့ အယူအဆကို ပယ်ချခဲ့ပါတယ်။
ပွဲထွက်လူစာရင်းအပြောင်းအလဲများစွာပြုလုပ်ထားတဲ့ အန်းစလော့ရဲ့အသင်းက စတုတ္ထအဆင့်မှာ အင်အားတောင့်တင်းလွန်းတဲ့ ခရစ္စတယ်ပဲလေ့စ်ကို မယှဉ်ပြိုင်နိုင်ဘဲ သုံးဂိုးပြတ်အရေးနိမ့်ကာ ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတွေက အခုဘောလုံးရာသီ၊ နောက်ဆုံးကစားခဲ့တဲ့ ခုနစ်ပွဲအနက် ခြောက်ပွဲကို ရှုံးနိမ့်ပြီး အလွန်ဆိုးရွားတဲ့အခိုက်အတန့်တစ်ခုဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ အခုဖလားပွဲစဉ်ရှုံးနိမ့်မှုကြောင့် လိဂ်လေးပွဲဆက်ရှုံးနိမ့်မှုအပြီး အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ ပိုမိုအရေးကြီးလာပြီဆိုတဲ့ဆွေးနွေးမှု ကို ပယ်ချသွားခဲ့ပါတယ်။
ဆက်လက်ပြီး အန်းစလော့က အခုလအစောပိုင်း၊ မန်ချက်စတာယူနိုက်တက်ကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ ဂရာဗန်ဘတ်ချ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့သတင်းစကားတစ်ခု သယ်ဆောင်လာခဲ့ပါတယ်။
အန်းစလော့က “ ဂရာဗန်ဘတ်ချ်မှာ အခွင့်အရေးကောင်းတစ်ခုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒဏ်ရာရရှိနေတဲ့အခြားသူတွေကိုတော့ သောကြာနေ့လောက်အထိ စောင့်ကြည့်ကြတာပေါ့။ အားလုံးရဲ့အခြေအနေကို ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အားလုံးထဲမှာ ဂရာဗန်ဘတ်ချ်က အခွင့်အလမ်းအကောင်းဆုံး ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး အန်းစလော့က “ ခုနစ်ပွဲမှာ ခြောက်ပွဲလောက်ရှုံးထားပြီးရင် ဖိအားတွေ ပိုများလာလိမ့်မယ်လို့ မယူဆမိပါဘူး။ လီဗာပူးအတွက် ကစားပေးနေချိန် သို့မဟုတ် လီဗာပူးကို ကိုင်တွယ်ရချိန် အခုလိုရလဒ်မျိုးတွေ ဆက်တိုက်ကြုံတွေ့နေမယ်ဆိုရင် ဖိအားတွေရောက်ရှိလာမယ်ဆိုတာ ကျွန်တော်သိပါတယ်။
ဒီညအတွက် အကောင်းဆုံးအချက်ကတော့ နှစ်ဂိုးပြတ်ရှုံးနေပြီး ချေပဂိုးတောင် ပြန်မသွင်းနိုင်ချိန် ပရိသတ်တွေက အသင်းနဲ့အတူ ရပ်တည်အားပေးခဲ့တာပါ။ ဒါက ကျွန်တော့်အတွက် လာမယ့်စနေနေ့မှာလည်း ပရိသတ်တွေကိုယ်တိုင် အင်တိုက်အားတိုက်အားပေးကြလိမ့်ဦးမယ်ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းပါတယ်”လို့ ပြောပါတယ်။