
လီဝန်ဒေါစကီးရဲ့စာချုပ်သက်တမ်းနဲ့ပတ်သက်လို့ အံ့အားသင့်ဖွယ်ဆုံးဖြတ်ချက် ချမှတ်ထားတဲ့ ဘာစီလိုနာ
ဘာစီလိုနာက တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့စာချုပ်ကို သက်တမ်းမတိုးမြှင့်ဖို့ ဆုံးဖြတ်ထားပြီး ပိုလန်သားရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူ ရှာဖွေရေးကိစ္စကို ဦးစားပေးရည်မှန်းချက်အဖြစ် သတ်မှတ်ထားတယ်လို့ စပိန်မှလာတဲ့သတင်းတွေအရ သိရပါတယ်။
သြဂုတ်လအတွင်း အသက်-၃၇ နှစ်ပြည့်မြောက်ခဲ့တဲ့ လီဝန်ဒေါစကီးက ကစားသမားဘဝနေဝင်ဆည်းဆာဆီ ရောက်ရှိနေသလို သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ စိုးရိမ်မှုအချို့လည်း ရှိလာနေပါတယ်။ သူက ယမန်နှစ်ဘောလုံးရာသီမှာ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမဲ့ အခုဘောလုံးရာသီမှာတော့ ပြိုင်ပွဲစုံ လေးဂိုးသာ သွင်းယူထားနိုင်ကာ ကြံ့ခိုင်မှု ပိုင်းစိုးရိမ်ချက်တွေနဲ့အတူ ပွဲထွက်ခွင့်လေးကြိမ်သာ ရရှိထားပါတယ်။
ဒါ့အပြင် လီဝန်ဒေါစကီးရဲ့စာချုပ်သက်တမ်း နောက်ဆုံးခြောက်လသက်တမ်းဆီ ချဉ်းကပ်လာပြီဖြစ်လို့ ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခု ရှင်းရှင်းလင်းလင်းချမှတ်ဖို့ မဖြစ်မနေလိုအပ်လာပါတယ်။ အားကစားဒါရိုက်တာဒေကိုကတော့ ကစားသမားစာချုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး အခုဘောလုံးရာသီနှောင်းပိုင်းမှသာ ဆုံးဖြတ်သွားမယ်လို့ အခိုင်အမာပြောဆိုထားပေမဲ့ ဘာစီလိုနာအသင်းအတွင်းပိုင်းမှာရှိနေသူအားလုံးက ဒီနှစ်ဘောလုံးရာသီကို ကလပ်အသင်းမှာ လီဝန်ဒေါစကီးရှိနေတဲ့နောက်ဆုံးနှစ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားကြောင်း SPORT သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
လာမယ့်နွေရာသီ၊ လီဝန်ဒေါစကီးရဲ့နေရာကို ဘယ်လိုပုံစံမျိုးနဲ့အစားထိုးမလဲဆိုတဲ့ အစီအစဉ်ကို ရေးဆွဲနေသလို နာမည်ကြီးကစားသမားအများစုနဲ့လည်း ချိတ်ဆက်ဖော်ပြမှုတွေ ရှိနေပါတယ်။ မကြာသေးမီကပဲ ဥက္ကဋ္ဌလာပေါ်တာက မန်စီးတီးရဲ့ဟာလန်း၊ ပီအက်စ်ဂျီတိုက်စစ်မှူးဒမ်ဘီလီတို့လို စူပါစတားကစားသမားတွေကို မမျှော်လင့်ထားကြဖို့ ပရိသတ်တွေဆီ သတိပေးခဲ့ပါတယ်။
တကယ်တော့ ဘာစီလိုနာက လီဝန်ဒေါစကီးရဲ့နေရာမှာ တန်ကြေးမြင့်တိုက်စစ်မှူးတစ်ဦးနဲ့အစားထိုးဖို့ စိတ်မကူးထားပါဘူး။ သူတို့တွေက အခုဘောလုံးရာသီ၊ ငါးဂိုးသွင်းယူထားကာ တိုက်စစ်ပိုင်းအတွက် ပိုမိုကြီးကျယ်တဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာနေတဲ့ ဖာရန်တောရက်စ်ကို ဦးစားပေးသတ်မှတ်ပြီး လူငယ်ကစားသမားတစ်ဦးရွေးချယ်ကာ စပိန်လက်ရွေးစင်နဲ့ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်သွားစေဖို့ စီစဉ်ထားပါတယ်။
လီဗန်တေးရဲ့အသက်-၂၁ နှစ်အရွယ်တိုက်စစ်မှူး အက်တာအီယောင်ကိုလည်း ဘာစီလိုနာအတွက် ဖြစ်နိုင်ချေရှိတဲ့ရွေးချယ်မှုတစ်ခုအဖြစ် သတ်မှတ်ထားသလို မန်ချက်စတာယူနိုက်တက်အငှားကစားသမား ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူမယ့်ရွေးချယ်ခွင့်လည်း ရှိနေပြန်ပါတယ်။
လီဝန်ဒေါစကီးရဲ့နယ်မြေသစ် ဘယ်မှာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒီနေရာမှာ သူ့ရဲ့မိသားစုက ကတ္တလန်မှာအခြေချဖို့ ဆုံးဖြတ်ရင် ရလဒ်အဖြစ် ပိုလန်တိုက်စစ်မှူးရဲ့ကစားသမားဘ၀ အနားယူသွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးဆက်ကစားဖို့ရွေးချယ်မယ်ဆိုရင်လည်း လီဝန်ဒေါစကီးအတွက် စိတ်ဝင်စားမှုတွေ ပြတ်တောက်သွားစရာ မရှိပါဘူး။
အစောပိုင်းမှာ ဆော်ဒီဆီပြောင်းရွှေ့ဖို့ အပြင်းအထန်ငြင်းဆန်ခဲ့ဖူးတဲ့ကစားသမားအတွက် ဥရောပတစ်ဝှမ်းမှ ကမ်းလှမ်းမှုတွေလည်း ရှိလာနိုင်ပါတယ်။ သတင်းတွေအရ အီတလျံဘီလူးကြီးအေစီမီလန်ကို လီဝန်ဒေါစကီးအတွက် ကမ်းလှမ်းမယ့်သူအဖြစ် သတ်မှတ်ထားပါတယ်။