The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်စိန်ခေါ်သွားမယ်လို့ ဂွါဒီယိုလာအခိုင်အမာပြော

တနင်္ဂနွေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်ရှိချန်ပီယံလီဗာပူးကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက အသင်းဟာ ချန်ပီယံဆုအတွက်စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးဟာ အာလင်းဟာလန်း၊ နီကိုဂွန်ဇာလက်ဇ်၊ ဂျရယ်မီဒိုကူတို့ရဲ့သွင်းဂိုးတွေနဲ့ လီဗာပူးကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားတဲ့ အာဆင်နယ်နဲ့ ရမှတ် ၄ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက "ကျွန်တော်တို့အသင်းရော လီဗာပူးပါ အာဆင်နယ်အမှတ်လျော့သွားတော့ ဒီပွဲကို အားစိုက်ကစားမယ်လို့ ပရိသတ်တွေထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အင်အားစိုက်ထုတ်ကစားခဲ့တာ အာဆင်နယ်အမှတ်လျော့သွားခဲ့လို့မဟုတ်ဘဲ အင်္ဂလန်ချန်ပီယံအသင်းကို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြချင်လို့ပါ။ ကျွန်တော်တို့ ချန်ပီယံပြိုင်ပွဲထဲမှာ ဆက်ရှိနေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးတောင်ပံကစားသမား ဒိုကူဟာ အတော်လေးခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက်ပင်နယ်တီပြစ်ဒဏ်ဘော ရရှိစေခဲ့သလို၊ ဒုတိယပိုင်းမှာလည်း လှလှပပဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။  ဂွါဒီယိုလာက "ဒိုကူက သူ့ကိုယ်သူ ပိုကောင်းလာရမယ်လို့ ယုံကြည်ထားတဲ့သူပါ။ သူက ကျွန်တော်တို့ပြောတာတွေကိုနားထောင်ပါတယ်။ ဒီနေ့မှာ သူ့ရဲ့လုပ်အားနဲ့ ကျော်ဖြတ်မှုတွေက အရမ်းကောင်းခဲ့ပါတယ်။ ပြီးတော့ လီဗာပူးညာနောက်ခံလူ ကော်နာဘရက်ဒ်လေကိုလည်း ကျွန်တော်ချီးကျူးပါတယ်။ သူဘယ်လောက်ကောင်းတယ်ဆိုတာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ကျွန်တော်ကောင်းကောင်းမြင်လိုက်ရပါတယ်" 

"ဒါပေမယ့် ဒီနေ့မှာ ဒိုကူက သူ့ကိုပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ဘောလုံးမရှိတဲ့အချိန်တွေမှာတောင်အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒီနေ့ပွဲက ဒိုကူရဲ့ပွဲပါ" လို့ပြောကြားခဲ့ပါတယ်။  ယခုလီဗာပူးနဲ့ပွဲစဉ်ဟာ ဂွါဒီယိုလာအတွက် နည်းပြသက်တမ်းတစ်လျှောက် ပွဲ ၁၀၀၀ ပြည့်မြောက်တဲ့ပွဲစဉ်ဖြစ်ပြီး အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ မန်စီးတီးအသင်းသားတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

စပိန်သားနည်းပြက "အရမ်းခက်ခဲပြီး အရေးကြီးတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန်မှာ နိုင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့တဲ့ အသင်းသားတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ မိုဆာလက်တို့နဲ့ အကြိမ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး ဒီနေ့မှာလည်း ဒါကိုပြန်မြင်တွေ့ရတာ ဝမ်းသာစရာပါ" လို့ပြောကြားခဲ့ပါတယ်။