
နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်ကစားဖို့ငြင်းဆန်ထားတဲ့ အီဆက်
နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ဟာ ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာကာ လီဗာပူးသို့ပြောင်းရွှေ့လိုနေတာဖြစ်ပြီး ယခုအခါ ပြောင်းရွှေ့ခွင့်မရတာကြောင့် အက်စတွန်ဗီလာနဲ့ယှဉ်ပြိုင်သွားရမယ့် နယူးကာဆယ်ရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပါဝင်ကစားဖို့ ငြင်းဆန်ထားတယ်လို့သိရပါတယ်။
Daily Mail သတင်းဌာနရဲ့အဆိုအရ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ စနေနေ့ ဗီလာပါ့ခ်သို့ထွက်ခွာသွားရမယ့် နယူးကာဆယ်ရဲ့လူစာရင်းကနေ နုတ်ထွက်ထားတယ်လို့သိရပါတယ်။ အီဆက်ဟာ လီဗာပူးသို့ပြောင်းရွှေ့လိုကြောင်း ဖော်ပြထားပေမယ့် နယူးကာဆယ်ကတော့ လီဗာပူးရဲ့ ပေါင်သန်း ၁၁၀ တန်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ကစားသမားကိုရောင်းချမှာမဟုတ်ကြောင်း တုံ့ပြန်ထားခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက အီဆက်ဟာ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးအထိသွင်းယူခဲ့ပြီး ကာရာဘောင်ဖလား ဆွတ်ခူးနိုင်ခဲ့သလို၊ အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အနေနဲ့ အီဆက်ကို လီဗာပူးထံရောင်းချနိုင်ချေရှိကြောင်း ယူဆခဲ့ကြပေမယ့် အခုချိန်အထိ ဆွီဒင်သားနေရာမှာ အစားထိုးဖို့ ကစားသမားသစ် မခေါ်ယူနိုင်သေးပါဘူး။
အက်ဒီဟိုဝီရဲ့အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း ဂျာအိုပက်ဒရိုနဲ့ လီယမ်ဒီလပ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် အဆိုပါကစားသမား ၂ ဦးစလုံးကို ချဲလ်ဆီးက ခေါ်ယူသွားခဲ့တာဖြစ်ပြီး ဘရန့်ဖို့ဒ်ကြယ်ပွင့် ဝစ်ဆာကို ပေါင် ၂၅ သန်းနဲ့ကမ်းလှမ်းခဲ့တဲ့အခါမှာလည်း ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။
လာမယ့်အက်စတွန်ဗီလာနဲ့ပွဲမှာ အီဆက်မပါဝင်တာကြောင့် တောင်ပံကစားသမား အန်သိုနီဂေါ်ဒွန်က တိုက်စစ်မှူးနေရာသို့ ပြောင်းလဲကစားသွားဖွယ်ရှိနေပြီး နယူးကာဆယ်အနေနဲ့ပွဲဦးထွက်မှာ နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။ တစ်ဖက်မှာလီဗာပူးကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သောကြာနေ့မှာပဲ ဘုန်းမောက်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။