နယူးကာဆယ်တစ်သင်းလုံး နည်းပြ အက်ဒီဟိုဝီအတွက် ကစားပေးနေတာဖြစ်တယ်လို့ ဆိုလာတဲ့ အီလန်ဂါ
နယူးကာဆယ်အသင်းရဲ့ တောင်ပံကစားသမား အန်သိုနီ အီလန်ဂါက ကစားသမားတွေအားလုံးဟာ နည်းပြဖြစ်သူ အက်ဒီဟိုဝီကို အပြည့်အဝ ထောက်ခံအားပေးနေကြတယ်လို့ ပြောကြားလိုက်ပါတယ်။
လတ်တလောမှာတော့ အသင်းရဲ့ ရလဒ်ပိုင်း ကျဆင်းနေတဲ့ အခြေအနေကနေ ပြန်လည်ရုန်းထွက်လာနိုင်ပြီ ဖြစ်ပေမဲ့ အရင်က ရလဒ်တွေ ဆိုးရွားနေချိန်တုန်းကတော့ အက်ဒီဟိုဝီရဲ့ ရာထူးနေရာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ မေးခွန်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒီနေ့ညမှာ ကစားမယ့် ကွာရာဘတ်အသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ ပွဲစဉ်မတိုင်ခင်မှာ အီလန်ဂါက အခုလို ပြောကြားခဲ့တာပါ။ "ကျွန်တော်တို့ နည်းပြအတွက် ကစားပေးနေကြတာပါ။ သူက ကျွန်တော်တို့ကို ယုံကြည်မှုတွေ အများကြီး ပေးခဲ့သလို တစ်ဦးချင်းစီတိုင်းကိုလည်း အများကြီး ကူညီပေးခဲ့ပါတယ်။"
"ကျွန်တော်တို့ရဲ့ ခြေစွမ်းတွေက အမြဲတမ်း ပြီးပြည့်စုံမနေခဲ့ဘူးဆိုတာ သိပါတယ်။ အရမ်းကောင်းကောင်း ကစားနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တာကြောင့် ခြေစွမ်း တည်ငြိမ်ဖို့ပဲ လိုတာပါ။"
"ပြီးခဲ့တဲ့ အဝေးကွင်း နှစ်ပွဲစလုံးမှာ ကျွန်တော်တို့ အနိုင်ရထားတာကြောင့် ဒီလို အရှိန်အဟုန်ကောင်းကို ဆက်ပြီး တည်ဆောက်သွားရမှာပါ။ နည်းပြက ကျွန်တော်တို့ကို အများကြီး ကူညီပေးထားတာကြောင့် သူ့အတွက် ဆက်ပြီး ကစားပေးဖို့က အရေးကြီးပါတယ်။"
"ကျွန်တော်တို့ဘက်က လုပ်ရမှာကတော့ ကွင်းထဲက ဘောလုံးကစားဟန်နဲ့ပဲ သက်သေပြသွားဖို့ပါပဲ။"
သူက ဆက်လက်ပြီး "ကာရာဘတ်နဲ့ပွဲက လွယ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရည်မှန်းချက် အကြီးကြီးရှိပြီး တတ်နိုင်သမျှ အဝေးဆုံးအထိ ရောက်အောင် သွားချင်ပါတယ်။ ဒီကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။