အက်စတွန်ဗီလာအပေါ်အနိုင်ရရှိမှုကို ဝမ်းသာပီတိဖြစ်ရတဲ့အခိုက်အတန့်လို့ ဖွင့်ဟလာတဲ့ ဝုဗ်နည်းပြအက်ဒဝပ်
ဝုဗ်အသင်းနည်းပြရော့ဘ်အက်ဒဝပ်က သောကြာညပိုင်း၊ အက်စတွန်ဗီလာနဲ့ပရီးမီးယားလိဂ်ဒါဘီပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် သူ့ရဲ့ကစားသမားတွေအပေါ် အလွန်ကျေနပ်အားရနေပါတယ်။
အခုပွဲစဉ်မှာ ဝုဗ်က ဂျော်ဂျော်အိုဂိုးမက်စ်နဲ့ ရိုဒရီဂိုဂိုးမက်စ်တို့ရဲ့ ဒုတိယပိုင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် နိုင်ပွဲရရှိခဲ့ပါတယ်။
ပွဲစဉ်အပြီး အက်ဒဝပ်က "တကယ့်ကိုဝမ်းသာပီတိဖြစ်ရသလို စိတ်သက်သာရာလည်း ရသွားပါတယ်။ ဒီပွဲက ကျွန်တော်တို့နဲ့ ပရိသတ်တွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက မစ်ဒယ်လန်းဒါဘီပွဲစဉ်ဖြစ်လို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ နောက်ဆုံးဂိုးဝင်သွားချိန် အနိုင်သေချာသွားလို့ နောက်ဆုံးစက္ကန့် ၂၀ လောက်ကို စိတ်အေးလက်အေးဖြတ်နိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဗီလာက ကစားသမားတစ်ဦးချင်းစီရဲ့အရည်အသွေးနဲ့ကျွမ်းကျင်မှုတွေ ပြည့်နှက်နေတဲ့ အသင်းကောင်းတစ်ခုပါ၊ ဒါကြောင့် ကိုယ့်အလုပ်ကိုယ်သေချာလုပ်ဖို့ လိုပါတယ်။ တန်ပြန်တိုက်စစ်အပြောင်းအလဲ အခိုက်အတန့်တွေမှာ အမှားအယွင်းမရှိဖို့၊ တိုက်စစ်ဆင်မှာလား ဒါမှမဟုတ် ခံစစ်ထိုင်မှာလားဆိုတာကို ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ လိုအပ်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် "ခံစစ်ပိုင်းမှာလည်း ဂိုးမပေးရဖို့အတွက် ကစားသမားတွေရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကို တွေ့ခဲ့ရပါတယ်" လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမှတ်ပေးဇယားရပ်တည်မှုအခြေအနေမကောင်းပေမဲ့ ဒါဘီပွဲစဉ်အနိုင်ရရှိမှုနဲ့ပတ်သက်လို့ ၎င်းက "ဒါက တကယ့်ကိုထူးခြားတဲ့နိုင်ပွဲပါ။ ကျွန်တော်တို့အပေါ် ဖိအားတွေရှိနေခဲ့ပေမဲ့ အဲဒါကို အာရုံမစိုက်ခဲ့ပါဘူး။ လူတိုင်းစောင့်ကြည့်နေတဲ့ အခုလိုပွဲမျိုးမှာ အနိုင်ရရှိဖို့ဆိုတာ အရေးကြီးသလို ကျွန်တော်တို့ကို လမ်းကြောင်းမှန်ပေါ်ဆက်သွားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်" လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဒုတိယဂိုးသွင်းယူပြီးချိန် ကွင်းဘေးစည်းမှတဆင့် အောင်ပွဲခံပုံနဲ့ပတ်သက်လို့လည်း အက်ဒဝပ်က ရယ်မောရင်း "ကျွန်တော့်ခြေသလုံးကြွက်သားက နည်းနည်းနာချင်သလို ဖြစ်သွားတယ်။ အရင်လို အမြန်နှုန်းနဲ့မပြေးနိုင်တော့ဘူးလေ။ မလဲကျသွားအောင်လည်း သတိထားခဲ့ရတယ်။ ကျွန်တော့်မိသားစုလည်း အဲဒီကွင်းထောင့်ခြမ်း ရှိနေတာဆိုတော့ သူတို့နဲ့အတူ အောင်ပွဲခံခွင့်ရတာ တကယ်ကိုကောင်းပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် နည်းနည်းစိတ်လွတ်သွားခဲ့တယ်" လို့ ပြောပြခဲ့ပါတယ်။