The network connection is lost.

Banner Image

ဒဏ်ရာအခြေအနေကြောင့် စိတ်ပျက်ဝမ်းနည်းနေကြောင်းဖွင့်ဟလာတဲ့ ယာမယ်လ်

ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ယာမယ်လ်က ရာသီကုန်အထိ အနားယူရတော့မယ့် သူ့ရဲ့ နောက်ဆုံးဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားလာပါတယ်။ အသက် ၁၈ နှစ်အရွယ် စပိန်ကြယ်ပွင့်ဟာ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းယူပြီးနောက် ဒဏ်ရာကြောင့် ကွင်းထဲကနေ မသေမချာ လမ်းလျှောက်ထွက်ခဲ့ရတာဖြစ်ပြီး၊ ပရိသတ်တွေကတော့ သူဟာ လာမယ့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်သွားမှာကို စိုးရိမ်နေကြပါတယ်။

ယာမယ်လ်ဟာ ဂိုးသွင်းပြီးချိန်မှာလည်း ချက်ချင်းဆိုသလို နာကျင်မှုဝေဒနာ ခံစားခဲ့ရတာကြောင့် အောင်ပွဲမခံနိုင်ခဲ့ဘဲ၊ ပြင်းထန်တဲ့ နောက်ပေါင်ကြွက်သား (Hamstring) ဒဏ်ရာကြောင့် ရက်သတ္တပတ် အတော်ကြာ အနားယူရမယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းကတော့ ကြာသပတေးနေ့မှာ ဒီဒဏ်ရာကို အတည်ပြုခဲ့ပြီး ယာမယ်လ်အနေနဲ့ ကမ္ဘာ့ဖလားပွဲမတိုင်ခင် အနားယူရင်း ပုံမှန်အတိုင်း ကုသမှုခံယူသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအခါမှာတော့ ယာမယ်လ်က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူ့ဆီကို အားပေးစကားတွေ တခဲနက် ပေးပို့ခဲ့ကြတဲ့ ပရိသတ်တွေကို လူမှုကွန်ရက်ကတစ်ဆင့် အခုလို ပြန်လည်ပြောကြားခဲ့ပါတယ်။ "အခုဒဏ်ရာကြောင့် ကျွန်တော် အကစားချင်ဆုံးအချိန်မှာ ကွင်းထဲကနေ ထွက်ခွာခဲ့ရတယ်၊ ဒါဟာ ဘယ်လောက်ထိ နာကျင်ရလဲဆိုတာ စကားနဲ့တောင် ဖော်ပြလို့ မရပါဘူး။ အသင်းဖော်တွေနဲ့အတူ မတိုက်ပွဲဝင်နိုင်တာ၊ အသင်းက ကျွန်တော့်ကို လိုအပ်နေချိန်မှာ မကူညီနိုင်တာက တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ အသင်းဖော်တွေကို ကျွန်တော် ယုံကြည်ပါတယ်၊ သူတို့တွေ ပွဲတိုင်းမှာ အစွမ်းကုန် ကြိုးစားသွားကြမယ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း "ကွင်းပြင်ပကနေပဲ ဖြစ်ဖြစ် ကျွန်တော် သူတို့ကို အမြဲအားပေးပြီး တွန်းအားပေးနေမှာပါ။ ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး၊ ခဏတာ ရပ်နားလိုက်ရတာပဲ ဖြစ်ပါတယ်။ အရင်ကထက် ပိုမိုကြံ့ခိုင်ပြီး ပိုမိုပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ပြန်လာမှာပါ၊ နောက်ရာသီကတော့ အခုထက် ပိုကောင်းလာမှာပါ။ အားပေးစကားတွေအတွက် ကျေးဇူးတင်ပါတယ်၊ Visca el Barça (ဘာစီလိုနာအသင်း အောင်မြင်ပါစေ)" လို့ ယာမယ်လ်က ရေးသားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီအပတ်မှာ ရရှိခဲ့တဲ့ နိုင်ပွဲကြောင့် လာလီဂါဇယားထိပ်မှာ ၉ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ရာသီကုန်အထိ ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာတော့ ချန်ပီယံဆုကို ထပ်မံဆွတ်ခူးနိုင်ဖို့ ကြိုးစားရာမှာ ယာမယ်လ်နဲ့အတူ ရာဖင်ညာကိုပါ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် စပိန်အသင်းရဲ့ နောက်ဆုံးလူစာရင်းကို မေလကုန်မှာ ထုတ်ပြန်မှာဖြစ်ပြီး ပရိသတ်တွေကတော့ ယာမယ်လ်တစ်ယောက် ရက်သတ္တပတ်အနည်းငယ်ကြာ ဆေးကုသမှု ခံယူပြီးနောက် အသင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်ဆုတောင်းနေကြပါတယ်။